မွမ်ဘိုင်းအကြမ်းဖက်မှု

January 31, 2017

မွမ်ဘိုင်းအကြမ်းဖက်မှု ကြိုးကိုင်သူကို ပါကစ္စတန် အာဏာပိုင်များ ထိန်းသိမ်း

အိန္ဒိယနိုင်ငံမှာ ၂၀၀၈ ခုနှစ်က လူ ၁၆၆ ဦးသေဆုံးခဲ့တဲ့ မွမ်ဘိုင်းမြို့ အကြမ်းဖက်မှုကြီးရဲ့ အဓိကကြိုးကိုင်သူကို ပါကစ္စတန်အာဏာပိုင်တွေက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။ ပါကစ္စတန် အကြမ်းဖက်တပ်ဖွဲ့ဆိုပြီး ပိတ်ပင်ခံထားရတဲ့ LeT စစ်သွေးကြွအဖွဲ့ခေါင်းဆောင် ဟာဖစ် ဆဟိ (Hafiz Saeed) ဟာ အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုငွေထုတ်ခံထားရသူဖြစ်ပြီး သူ့ကို လာဟိုမြို့မှာ အကျယ်ချုပ် ထိန်းသိမ်းလိုက်တာပါ။ သူကတော့ မွမ်ဘိုင်းမြို့ ဟိုတယ်အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်သူလို့ စွပ်စွဲမှုကို အကြိမ်ကြိမ် ငြင်းဆန်ထားပေမယ့် အိန္ဒိယအစိုးရနဲ့ အမေရိကန်အစိုးရတို့ကတော့ သူ့ရဲ့စနက်လို့ ယုံကြည်ကြပါတယ်။ ဆဟိကို အခုလိုထိန်းသိမ်းဖို့ အမေရိကန်အစိုးရက ပါကစ္စတန်အစိုးရကို ဖိအားပေးတာလို့ သူ့ရဲ့ပြောခွင့်ရက ဆိုပါတယ်။ ဆဟိ ခေါင်းဆောင်နေတဲ့ JuD လူမှုရေးအဖွဲ့ဟာလည်း LeT စစ်သွေးကြွအဖွဲ့ရဲ့ အယောင်ပြ လူမှုရေးအဖွဲ့လို့ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေက စွပ်စွဲကြပါတယ်။ အဲ့ဒီလူမှုရေးအဖွဲ့ကိုလည်း သတိထားစောင့်ကြည့်ရမယ့် ပါကစ္စတန် အကြမ်းဖက်အဖွဲ့စာရင်းထဲကို ကုလသမဂ္ဂအဖွဲ့က ၂၀၁၅ ခုနှစ်မှာ ထည့်သွင်းခဲ့တာပါ။ JuD လူမှုရေးအဖွဲ့ အဖွဲ့ဝင် ၄ ဦးကိုလည်း ထိန်းသိမ်းဖို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
4 years Ago
Up