လူတွေ တနေရာက တနေရာဆီ သွားလာရာမှာ အသုံးပြုကြတဲ့ ယာဉ်အမျိုးမျိုး ရှိကြပေမယ့် ဒီယာဉ်ကတော့ ထူးခြားတဲ့ ပုံစံတမျိုးနဲ့ နောက်ကွယ်က အမှန်တရားတခု ရှိနေခဲ့ပါတယ်။
ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြတဲ့ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ မြို့တမြို့ဖြစ်တဲ့ မွမ်ဘိုင်းမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တခုခု ဖြစ်ပုံရပါတယ်။
ဒေသခံတွေဟာ ဘယ်လိုသွားလာနေထိုင်ကြပါသလဲ။ ခုမြင်တွေ့ရတဲ့ လက်လုပ်ဖောင်စီး ခရီးသည်တွေရဲ့ နောက်ကွယ်က အမှန်တရားက ဘာများပါလဲ။ သင်တို့ရော ဒီလိုမျိုး အလုပ်ခွင်ကို သွားချင်ပါသလား။
ဒါကတော့ Polystyrene ပလတ်စတစ်နဲ့ လက်ဖြစ်ဖောင်အမျိုးအစားဖြစ်ပြီး ညစ်ညမ်းတဲ့ ရေတူးမြောင်းကို ဖြတ်သန်းဖို့အတွက်ပါ။
ဒီဖောင်နဲ့ ကမ်းတဖက်နဲ့တဖက် ကူးချည်သန်းချည် ပို့ဆောင်ပေးနေခဲ့တဲ့ ဆန်ဂျေးဗာဂီလာကတော့ “ကျနော့်အသက် ၁၄ နှစ်သားတည်းက ဒီအလုပ်ကို လုပ်ခဲ့တာပါ။ ဒီ့မတိုင်ခင်ကတော့ လူတွေဟာ လမ်းလျှောက်ပြီး ဒီမြောင်းထဲက ဖြတ်သွားခဲ့ကြရတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့က ဆင်းရဲတယ်လေ။ တုတ်တုတ်စီးဖို့တောင် မတတ်နိုင်ပါဘူး” လို့ ပြောပါတယ်။
ခုတီထွင်လိုက်တဲ့ လက်လုပ်ဖောင်ကတော့ ကမ်းတဖက်ကနေ တဖက်ကို ရောက်ဖို့ ၂ ရူပီးသာ ပေးရတာမို့ တော်တော့ကို သက်သာပြီး အထောက်အကူ ဖြစ်ပါတယ်လို့ ခရီးသည်အမျိုးသမီး ပရီတီ ရှာရီကာက ဆိုပါတယ်။
ဒီလိုမျိုး ခက်ခက်ခဲခဲ ဝန်ဆောင်ပေးရတဲ့ ဖောင်နဲ့ လှော်ခတ်ပို့ဆောင်ပေးမှုတွေမှာ မတော်တဆ ထိခိုက်ရတာမျိုးတွေလည်း ဖြစ်တတ်သေးတယ်လို့ ဆန်ဂျေး ဗာဂီလာက ပြောပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ ဒီလိုလုပ်ဆောင်မှုဟာ ဘေးအန္တရာယ်ကင်းရှင်းမှု မရှိဘူးလို့ သက်ဆိုင်ရာက ပြောနေပြီး ဒါကို ရပ်ဆိုင်းခံရမှာ ဆန်ဂျေးက စိတ်ပူပန်နေပါတယ်။
ဒါပေမယ့် သူ့ရဲ့ဖောင်ကို အသုံးပြုနေကျ ဒေသခံတွေအဖို့ကတော့ နေသားကျနေပြီ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“သူတို့ ဖောင်ပေါ်မှာ ဘယ်လိုရပ်စီးရမယ်ဆိုတာကို သိနေကြပါပြီ။ ဒါကြောင့်မို့ ပြုတ်မကျနိုင်တော့ပါဘူး။ ဒီလက်လုပ်ဖောင်က ကျနော့်ရဲ့ အရာရာပါပဲ။ ဘာလို့ဆို ဒီကရတဲ့ ဝင်ငွေနဲ့ ထမင်းစားရတယ်။ မိသားစုကို ထောက်ပံ့ရတယ်လေ။”
2 years Ago