မွမ်ဘိုင်း

July 23, 2019

မွမ်ဘိုင်းရှိ အစိုးရအဆောက်အဦတခု မီးအကြီးအကျယ်လောင်၊ လူရာချီ ပိတ်မိ (ရုပ်သံ)

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက အထပ် ၉ ထပ်ရှိတဲ့ အစိုးရ အဆောက်အဦမှာ ဇူလိုင် ၂၂ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး လူအတော်များများ ပိတ်မိနေလို့ ကယ်ထုတ်ရတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ အစိုးရပိုင် တယ်လီကွန်ကုမ္ပဏီ MTNL ရုံးစိုက်ရာ အဆောက်အဦထဲမှာ လူအယောက် တရာနီးပါး ပိတ်မိနေနိုင်တယ်လို့ ရုပ်သံသတင်းဌာနတွေကလည်း ကြေညာပါတယ်။ မီးသတ်ကား ၁၄ စီးနဲ့ ကြိုးစားငြှိမ်းသတ်နေတယ်၊ အဆောက်အဦရဲ့ တတိယနဲ့ စတုတ္ထ အထပ်တွေကို မီးလောင်နေတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ ၈ ထပ်နဲ့ ၉ ထပ် အလွှာတွေက ဝရံတာတွေမှာ လူအယောက် လေးဆယ်လောက် ပိတ်မိနေတယ်လို့ ကယ်ဆယ်ခံ အမျိုးသမီးတယောက်က ပြောပါတယ်။ အဆောက်အဦ ထိပ်ဆုံးက လသာဆောင်မှာ လူတအုပ်ကို မြင်ရပြီး အဲဒီလူတွေကို မီးသတ်သမားတွေက ဝန်ချီစက်တွေ အသုံးပြု ကယ်ထုတ်ခဲ့ရပါတယ်။
2 years Ago

July 17, 2019

မွမ်ဘိုင်းမြို့တွင် ၄ ထပ်အဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးထိမြင့်တက်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြိုမှာ ဇူလိုင် ၁၆ ရက်နေ့က ၄ ထပ် အဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၁၀ ယောက်အထိ မြင့်တက်လာပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆောက်အဦအတွင်း ပိတ်မိနေသူတွေကို ဖယ်ရှားတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လုပ်နေပြီး အခုချိန်ထိ ၇ ယောက်ကို ကယ်ဆယ်ထားတယ်လို့ မြူနီစီပယ် ကော်မရှင်နာက ပြောပါတယ်။ ပြိုကျမှုဖြစ်တဲ့ ဒွန်ဂရီခရိုင်မှာ လမ်းတွေက ကျဉ်းမြောင်းတာမို့ ကယ်ဆယ်ရေး ပစ္စည်းကိရိယာ ပို့ဆောင်ရေးမှာ အခက်အခဲ ရှိနေတယ်လို့ မီးသတ်တပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေး အရာရှိက ပြောပါတယ်။ အဲဒီပြိုကျ အဆောက်အဦဟာ သက်တမ်း အနှစ် ၁၀၀ နီးပါးရှိပြီး ပြိုကျတဲ့အကြောင်းရင်းကို စုံစမ်းသွားမယ်လို့ မဟာရာရှက်ထရာပြည်နယ် ဝန်ကြီးချုပ်က ပြောသွားပါတယ်။
2 years Ago
Up