ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနောင်မြို့မှာရှိတဲ့ နယ်မြေရဲစခန်းကို ညနေ ၆ နာရီခွဲလောက်မှာ လက်ပစ်ဗုံးနဲ့အရင်ပစ်ခတ်ပြီး သေနတ်တွေနဲ့ ဝိုင်းပစ်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
''လက်ပစ်ဗုံးပေါက်သံ အရင်ကြားရတာပြီးမှ သေနတ်သံတွေကြားရတာ သေနတ်သံကတော့ အပြန်အလှန်ပစ်တဲ့ ပုံစံမျိုးကြားရတာ ရဲတွေထိတာ ရှိတယ်လို့ ပြောတယ်။”
ရဲစခန်းထဲ လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့ဘက်က ပစ်ခတ်မှုဖြစ်တာ အတည်ပြုပေမယ့် ထိခိုက်မှုတော့မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ရဲတဦးက ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အနီးတဝိုက်နဲ့ မြို့တွင်းမှာ ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ရာအိမ်မှူးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက မွေးမြူရေးလုပ်ငန်းရှင် နှစ်ယောက် အပါအဝင် ဒေသခံ ခြောက်ယောက်ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မျှင်ဝါတောင်ကျေးရွာ ရာအိမ်မှူး မင်းထွဋ်ကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက ရဲစခန်းအနီး အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက“မင်းထွဋ် သေနတ်နဲ့ ပစ်ခံရပြီးနောက် လိုက်ဖမ်းတာ ခြောက်ဦးရှိပြီ။ မွေးမြူရေးလုပ်ငန်းရှင် နှစ်ဦးပါတယ်။ ကျန်တာတွေက လယ်သမားတွေပါ။ ဖမ်းဆီးခံထားရတဲ့သူတွေကိုတော့ မြန်အောင်ရဲစခန်းမှာ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
မင်းထွဋ် သေနတ်နဲ့ ပစ်ခတ်ခံရအပြီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မျှင်ဝါးတောင်ကျေးရွာ သရက်ချောင်းတောအုပ်နဲ့ ဝင်္ကပါကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာစတဲ့ ကျေးရွာတွေရှိ နေအိမ်တွေကို လိုက်လံစစ်ဆေးနေပြီး စစ်ကောင်စီတပ်က မျှင်ဝါးတောင်ကျေးရွာအနီး တပ်စွဲထားတယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာကလည်း ဒေသခံ အမျိုးသမီး နှစ်ယောက်အပါအဝင် အမျိုးသား ငါးယောက်ထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။