.မြန်မာ

A d v e r t i s e m e n t With Us

February 5, 2021

မြန်မာကို ဘေးအန္တရာယ်ရှိမှုမြင့်မားသည့်နေရာအဖြစ် ဖေ့စ်ဘွတ်ခ်က ယာယီသတ်မှတ်

စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံကို ဘေးအန္တရာယ်ရှိမှုမြင့်မားတဲ့ နေရာအဖြစ် ဖေ့စ်ဘွတ်ခ်က ယာယီအားဖြင့် သတ်မှတ်လိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ် တင်ထားတဲ့ မြန်မာ စစ်တပ်ကို ဝေဖန်ရေးသားတဲ့ စာတွေကို ကာကွယ်ဖို့နဲ့ လက်နက်တပ်ဆင်ရေး ဆော်သြတဲ့ ဘယ်လို ဆော်သြချက်ကိုမဆို ဖယ်ရှားမယ်လို့လည်း ဖေ့စ်ဘွတ်ခ်ကဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့  အာရှပစိဖိတ် မူဝါဒရေးရာညွှန်မှူး ရာဖှယ်ဖရန်ကယ်က ဝန်ထမ်းတွေဆီ အာဏာသိမ်း တုံ့ပြန်ချက်ကို လိုရင်းအချုပ် အနေနဲ့ ဖော်ပြခဲ့တာပါ။

ဖေ့စ်ဘွတ်ခ်ကို သတင်းမှား ဖြန့်ချိရာ၊ အကြမ်းဖက်မှုလှုံ့ဆော်ရာနဲ့ အန္တရာယ်ပြုဖို့ ညှိနှိုင်းတိုင်ပင်ရာ နေရာ အဖြစ် အသုံးချ မခံရစေရေး သေချာစေဖို့ကိုလည်း ဖရန်ကယ်က ကတိပြုလိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ် တားထားတဲ့ ကြားက ကျွံထွက်လာတဲ့ စာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။ ဒါပေမဲ့ ဟန့်တားလုပ်ဆောင်ချက်  တွေကို လုပ်ထားပြီးပြီလို့တော့ အတည်ပြု ပြောဆို ပါတယ်။

ကျနော်တို့က မြန်မာနိုင်ငံအထဲက နိုင်ငံရေးဖြစ်စဉ်တွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး သတင်းမှားတွေနဲ့ ခုလိုအချိန်မှာ ပိုတင်းမာအောင် လှုံ့ဆော်နိုင်တဲ့ အကြောင်းအရာတွေကို ဟန့်တားဖို့ ထပ်တိုး ခြေလှမ်းတွေကို ဆောင်ရွက် ထားတယ်လို့ ဖေ့စ်ဘွတ်ရဲ့ ပြောခွင့်ရက သဗာ့ချ် သတင်းဌာနကို ပြောပါတယ်။

အမုန်းစကားတွေနဲ့ တခြား သတင်းမှားတွေနဲ့အတူ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင်မှု ပျက်ပြားစေတဲ့ သတင်းမှားတွေကိုလည်း ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေရဲ့ အကောင့်တွေ ဘေးကင်းစေဖို့နဲ့ မြေပြင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်တဲ့ အတိမ်းအစောင်း မခံတဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ သေသေချာချာ လုပ်နေတယ်လို့လည်း ဖရန်ကယ်ကို ကိုးကားပြီး ဘပ်ဇ်ဖိဒ် သတင်းဌာနက အစီရင်ခံပါတယ်။

နောက်ထပ် တင်းမာမှုတွေကို လှုံ့ဆော်နိုင်တဲ့ သတင်းမှားတွေနဲ့ အကြောင်းအရာ တွေကို ဟန့်တားဖို့ စစ်တပ်ပိုင် ရုပ်သံကွန်ယက်ရဲ့ ဖေ့စ်ဘွတ်ခတ် စာမျက်နှာကို ဖေ့စ်ဘွတ်ခ် တားမြစ်ပိတ်ပင်ခဲ့တယ်လို့ The Wall Street Journal က ဖေဖော်ဝါရီ ၃ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ ယာယီ ဘေးအန္တရာယ်ရှိမှုမြင့်မားတဲ့နေရာအဖြစ် သတ်မှတ်ချက်ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အောက်လွှတ်တော်ကို စီးနင်းမှုအပြီး မြို့တော် ဝါရှင်တန် ဒီစီကို အလားတူ အဆင့် သတ်မှတ်ဖူးပါတယ်။

3 weeks Ago

February 4, 2021

မြန်မာအပေါ် တရုတ်သြဇာလွှမ်းမှုပိုများလာနိုင်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး သုံးသပ်

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိုတုံ့ပြန်ဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး လမ်းကြောင်းကို ပိတ်ပစ်လိုက်ပါက  မြန်မာအား တရုတ်လက်ထဲ တွန်းပို့မယ့်ဘေးကို ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံတွေ ရင်ဆိုင်ရလိမ့်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၂ရက်မှာ ပြောလိုက်ပါတယ်။ 

“တကယ်လို့ ကျနော်တို့ ကောင်းကောင်း မချဉ်းကပ်ရင် မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ လွတ်လပ်တဲ့ ဒီမိုကရက်တစ်နိုင်ငံတွေဆီကနေ ပိုဝေးဝေးကို ရောက်သွားနိုင်တယ်။ တရုတ်နဲ့  ပူးပေါင်းသွားနိုင်တယ်” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာစုဟိဒဲ နာ့ခါ့ယာမက ရိုက်တာကို ပြောပါတယ်။ 

ဂျပန်ဟာ မဟာမိတ်တွေနဲ့ ဘုံဗျူဟာကို ဆွေးနွေးသင့်တယ်လို့လည်း သူက ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဂျပန်မိတ်ဘက် အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပါက တရုတ်က သြဇာလွှမ်းမှု ပိုရပြီး ဒေသတွင်း လုံခြုံရေးကိုပါ လှိုက်စားမယ့် အလားအလာရှိတယ်လို့ ဝန်ကြီးက ဆက်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် နီးကပ်တဲ့ ဆက်ဆံရေး ကာလကြာရှည် ရှိခဲ့ပြီး အဓိက အလှူရှင်လည်း ဖြစ်တဲ့ ဂျပန်က ဖမ်းဆီးခံထားရတဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သား အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်အသက်သွင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

3 weeks Ago

မြန်မာပြည်တွင် စစ်အာဏာသိမ်းရန် သဘောတူညီချက်ပေးခဲ့ခြင်းမရှိဟု တရုတ်နိုင်ငံ ငြင်းဆို

တရုတ်နိုင်ငံဟာ အိမ်နီးချင်းမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ နားလည်မှုနဲ့ သဘောတူညီချက်ပေးခဲ့တာ ဒါမှမဟုတ် ထောက်ပံ့ခဲ့တာ ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။ 

“သက်ဆိုင်ရာ ပုံသေနည်းတွေက မမှန်ကန်ဘူး မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ အနေနဲ့ ကျနော်တို့က မြန်မာနိုင်ငံထဲက ဘက်အားလုံးဟာ မတူခြားနားချက်တွေကို သင့်တော်အောင် ဖြေရှင်းနိုင်ကြဖို့ ပြီးတော့ နိုင်ငံရေးလူမှုရေး တည်ငြိမ်စေဖို့ ဆန္ဒရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ အတွင်း မေးခွန်းကို တုံ့ပြန်ပြောဆိုပါတယ်။ 

အရင်လက တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ကို အစီအစဉ်အရ လာရောက် လည်ပတ်ခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

3 weeks Ago

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို G 7 စက်မှုထိပ်သီးနိုင်ငံများ ကန့်ကွက်ရှုတ်ချ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို  ပြစ်တင်ကန့်ကွက်ရှုတ်ချကြောင်း  G 7 စက်မှုထိပ်သီး အင်အားကြီးနိုင်ငံတွေက ကြေညာပါတယ်။ 

G 7 အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်၊ အီတလီ စတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂအဆင့်မြင့်အရာရှိတွေက ပြစ်တင် ရှုတ်ချကြောင်း  ဖေဖော်ဝါရီ  ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ မီဒီယာတွေအပေါ် ပစ်မှတ်ထားတဲ့ အပေါ်မှာလည်း အလွန်အမင်းစိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်တပ်က ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို ချက်ချင်းရပ်တန့်ဖို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို အာဏာပြန်ပေးဖို့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပြီး လွှတ်တော်ကို အမြန်ဆုံးခေါ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ 

3 weeks Ago

မြန်မာအာဏာသိမ်းမှုပဋိပက္ခကို မီးမမွှေးရန် ထိုင်းဝန်ကြီးချုပ်က မီဒီယာကိုသတိပေး

မြန်မာစစ်အာဏာသိမ်းတာနဲ့ ပတ်သက်တဲ့ သတင်းတွေထုတ်ပြီး   ပဋိပက္ခကို မီးမမွှေးဖို့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်သ် ချန်အိုချာက  မီဒီယာကို သတိပေးလိုက်ပါတယ်။

“မီဒီယာအားလုံး သတင်းဖော်ပြရာမှာ သတိထားဖို့ ကျနော်လိုလားတယ်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး အကျိုးစီးပွားကို မထိခိုက် စေချင်ဘူး” လို့  ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂ ရက်နေ့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

ပဋိပက္ခတွေ ပိုတိုးမလာစေချင်ဘူးလို့လည်း  သူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက်  မဲရလဒ် လက်ခံဖို့ စစ်တပ်က ငြင်းဆန်ရင်း မဲလိမ်တယ်လို့ မခိုင်လုံဘဲ စွပ်စွဲအပြီး စစ်အာဏာသိမ်းခဲ့တာပါ။ 

3 weeks Ago
Up