မြန်မာ ၄၇၈ ဦး

July 4, 2020

ဆေးကုသခွင့်ဗီဇာနှင့် ထိုင်းသို့ သွားရောက်မည့်သူ ၁၇၀၀ ကျော်တွင် မြန်မာ ၄၇၈ ဦးပါဝင်

ထိုင်းနိုင်ငံတွင်း ဆေးဝါးကုသခွင့်ဗီဇာနဲ့ လာရောက်ဖို့ မှတ်ပုံတင်ထားတဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက်ဟာ ၁၇၀၀ ကျော်ရှိနေတယ်လို့ ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲရေးစင်တာ (စီစီအက်စ်အေ) က ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပထမ အသုတ်အနေနဲ့ ဝင်ရောက်ခွင့်ပြုမယ့် ခရီးသွားဧည့်သည်တွေအနေနဲ့ လာမယ့် ဩဂုတ်လ ၁ ရက်နေ့ကစတင်ကာ လာရောက်နိုင်မှာဖြစ်ကာ ဆေးဝါးကုသမှုနဲ့ ၁၄ ရက် Quarantine တကြိမ်ဝင်ပြီးမှသာ ခွင့်ပြုသွားမယ်လို့ စီစီအက်စ်အေမှ ပြောရေးဆိုခွင့် ရှိသူ တဝီဆင် ဗီဆနူယော်ထင်က ပြောပါတယ်။ လတ်တလော မှတ်ပုံတင်ထားတဲ့ ပထမအသုတ် ဆေးဝါးကုသခွင့် ဗီဇာနဲ့ လာ ရောက်ကြမယ့် ခရီးသွားဧည့်သည် ၁၇၀၀ ကျော်ဟာ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဖြစ်ကြပြီး မြန်မာနိုင်ငံက ၄၇၈ ယောက်နဲ့ အများဆုံးပါဝင်နေခဲ့တာ ဖြစ်တယ်လို့ သည်နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကျန်တဲ့ ခရီးသွားတွေထဲမှာတော့ လာအိုနိုင်ငံက ၄၇၇ ယောက်၊ ဗီယက်နမ်နိုင်ငံမှ ၃၉ ယောက်၊ တရုတ်နိုင်ငံမှ ၆၅ ယောက်၊ ယူအေအီးနိုင်ငံမှ ၂၂၃ ယောက်၊ အိုမန်နိုင်ငံမှ ၁၈၇ ယောက်၊ ကူဝိတ်နိုင်ငံမှ ၁၃၇ ယောက်၊ ကာတာနိုင်ငံမှ ၉၅ ယောက်နဲ့ ဆော်ဒီအာ ရေးဘီးယားနိုင်ငံမှ ၁၄ ယောက်စီ အသီးသီး ပါဝင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆေးဝါးကုသခွင့်ဗီဇာနဲ့ လာရောက်ကြမယ့် ခရီးသွားတွေ ရဲ့ ဆေးဝါးကုသမှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးချက်တွေနဲ့အညီ စစ်ဆေးသွားမှာ ဖြစ်ကာ နိုင်ငံတွင်း မဝင်ရောက်ခင်၊ ရောက်ရှိပြီးနဲ့ နိုင်ငံမှ ထွက်ခွာချိန်စတဲ့ အချိန်တွေမှာ ကိုဗစ်-၁၉ ၃ ကြိမ်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ နောက်ပြီး လာရောက်ကြမယ့် ခရီးသွားတွေ အားလုံးဟာ ထိုင်းသံရုံးကနေ နိုင်ငံ တွင်းဝင်ရောက်ခွင့်လက်မှတ်(စီအိုအီး)ကို ယူဆောင်လာရမယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှ ပုဂ္ဂလိက ဆေးရုံအနည်းဆုံး ၆၂ ခုက Quarantine ဆေးရုံတွေအဖြစ် မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
10 months Ago
Up