မြန်မာ ၄၀

April 20, 2021

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်နဲ့ ချင်းရိုင်းခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား စုစုပေါင်း ၄၆ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တာ့ခ်ခရိုင်မှာ ထိုင်းအာဏာပိုင်တွေက တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပပျောက်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ဧပြီ ၁၉ ရက်နေ့ ည သန်းခေါင်အချိန်က ဖုပ်ဖရမြို့နယ် ဝေါ်လေကျေးရွာအုပ်စု ရပ်ကွက် ၃ ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၉ ဦးနဲ့ သူတို့ကို တင်ဆောင်လာတဲ့ ထိုင်းလူမျိုး ၁ ဦး၊ မော်တော်ကား ၁ စီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆယာမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ပိုးစစ်ဆေးဖို့ ဆေးရုံကို အရင်ခေါ်ဆောင်သွားပြီး တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထဲမှာလည်း မနေ့ မနက်စောစောက  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးရမိတယ်လို့ TopNorth News သတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက်စောစော မိုးမလင်းခင်က မယ်ဆိုင်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ အနီး ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ မှန်လုံကားတစ်စီး ရပ်ထားတာတွေ့လို့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ တရားမဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်း လူမျိုးကားမောင်းသမား ၁ ဦးနဲ့အတူ တွေ့ရတာလို့ ဆိုပါတယ်။ 

သူတို့တတွေဟာ ရှမ်းပြည်နယ် လဲချား၊ တောင်ကြီး၊ မိုင်းပွန်ဘက်က ရောက်လာကြပြီး ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ၁၇ ဦးအနက် ၁ ဦး သာ ၁၀ နှစ်ခံတောင်ပေါ်သားကတ်  ကိုင်ဆောင်ပြီး ကျန်သူတွေမှာ ထိုင်းထဲဝင်ရောက်နေထိုင်ခွင့် အထောက်အထားမရှိကြောင်း၊ ဒါကြောင့် တရားမဝင်ဝင်ရောက်မှုအပြင် ကိုဗစ်-၁၉ ဥပဒေတွေနဲ့ပါ အရေးယူခံရမှာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ကိုတင်ဆောင်လာတဲ့ နိုင်းကျရွန်ရာဝိချုင်းဆိုသူ ထိုင်းကားသမားမှာလည်း တရားမဝင်သူတွေ ဝင်ရောက်နိုင်အောင် ကူညီမှုတွေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။ 

ကိုးကား-https://siamrath.co.th

8 months Ago
Up