မြန်မာ ရေထွက်ပစ္စည်း

September 5, 2020

မြန်မာ ရေထွက်ပစ္စည်းနှင့်ကုန်တင် လှေများကို ထိုင်းဘက်မှ စည်းကမ်းတင်းကျပ်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူစက်မှု တိုးလာနေတာကြောင့်  ထိုင်းနိုင်ငံ ရနောင်းမြို့ကို သွားရောက်နေတဲ့ ရေထွက်ပစ္စည်းနဲ့ ကုန်ပစ္စည်းသယ် လှေတွေကို ထိုင်းဘက်ခြမ်းက စည်းကမ်းတင်းကျပ်လိုက်တယ်လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးသန့်ဇင်က ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်းသွားလာမှုကို ပိတ်ထားခဲ့ပေမဲ့ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့ နှစ်နိုင်ငံ တာဝန်ရှိအဖွဲ့အစည်းတွေက ညှိနှိုင်းပြီး မြန်မာက ရေထွက်ပစ္စည်း တင်ပို့ရောင်းချတာနဲ့ ထိုင်းက အခြေခံစားသောက်ကုန် ဝယ်ယူတင်သွင်းမှုကို ဆက်လက်ခွင့်ပြုထားတာပါ။ အခုရက်ပိုင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်း ကူးစက်မှု မြင့်တက်လာတာ​ကြောင့် ထိုင်းဘက်က ရေထွက်ပစ္စည်းနဲ့ ကုန်ပစ္စည်းရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁ ရက်နေ့က စည်းကမ်းချက် ထုတ်လိုက်တာပါ။ စည်းကမ်းချက်အရ အရင်က မြန်မာဘက်ကသွားတဲ့ ငါးသယ်လှေတွေနဲ့ ကုန်ပစ္စည်းတင်လှေတွေဟာ ထိုင်းဘက်ခြမ်း ရနောင်းမြို့က ဂိုဒေါင်တွေမှာ ဆိုက်ကပ်ခွင့်မရှိတော့ဘဲ နယ်စပ်တရားဝင်ဂိတ် စဖန်ပလားဂိတ်တခုတည်းမှာသာ ခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာဘက်က ငါးသယ်လေနဲ့ ကုန်ပစ္စည်းလာပို့တဲ့ လှေတွေပေါ် လိုက်ပါလာတဲ့သူတွေဟာလည်း ထိုင်းဘက်ခြမ်း ကမ်းပေါ်တက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။  ဒါ့အပြင် သြဂုတ် ၃၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံအတွင်း ဝင်/ထွက်မှုပြုလုပ်နိုင်တဲ့ နေရာအားလုံးမှာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းအဖွဲ့များ တင်းတင်းကျပ်ကျပ်ချထားပြီး တရားမဝင် ဝင်/ထွက် သွားလာမှုအားလုံးကို အင်အားပြည့် အသုံးပြုဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကော့သောင်းမြို့ကနေ  ရနောင်းမြို့ကို ရေထွက်ပစ္စည်းနဲ့ ကုန်ပစ္စည်း တင်ပို့ရောင်းချတဲ့ လှေတွေဟာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေရဲ့ စစ်ဆေးမှုခံယူရမှာဖြစ်ပြီး  သတ်မှတ်ထားတဲ့ နယ်စပ်ဂိတ်မှာ မနက် ၈ နာရီက မွန်းလွဲ ၁ နာရီအတွင်း လုပ်ငန်းများအပြီး ဆောင်ရွက်ကြဖို့ အသိပေးထားတယ်လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးသန့်ဇင်က ဆိုပါတယ်။ သတင်း - လတ်ကိုကိုဦး
1 year Ago
Up