မြန်မာ ယူ-၂၂

November 18, 2019

ဆီးဂိမ်းစ်အကြိုကွင်းပိတ်ခြေစမ်းပွဲ မြန်မာနှင့် ဗီယက်နမ် ၂ ဂိုးစီသရေကျ 

ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မြန်မာ ယူ-၂၂ အမျိုးသား ဘောလုံးအသင်းဟာ ဗီယက်နမ်အသင်းနဲ့ မနေ့ညနေက ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာမှာ တဖက် ၂ ဂိုးစီနဲ့သရေကျသွားပါတယ်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၅ မိနစ်မှာ မြတ်ကောင်းခန့်က သွင်းယူခဲ့ပြီး ၃၅ မိနစ်မှာ ဗီယက်နမ်ဘက်က ချေပဂိုး ပြန်လည်သွင်းယူခဲ့လို့ ပထမပိုင်းမှာ တဖက် တဂိုးစီနဲ့  သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၅၈ မိနစ်မှာတော့  မြန်မာအသင်းအတွက် ဒုတိယဂိုးကို လူစားဝင်လာတဲ့ ဝင်းနိုင်ထွန်းက သွင်းယူခဲ့နိုင်ခဲ့ပေမယ့် ၃ မိနစ်အကြာမှာပဲ  ဗီယက်နမ်ဘက်က ချေပဂိုး ပြန်လည်သွင်းယူခဲ့လို့ နှစ်ဂိုးစီသရေပွဲဖြစ်သွားခဲ့ပါတယ်။  ဒီပွဲကို ဗီယက်နမ် PVF Center မြက်ခင်းတုကွင်းမှာ ကွင်းပိတ်ကစားခဲ့တာဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲလည်း နီးကပ်နေပြီဖြစ်လို့ ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်လည်း တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။  မြန်မာယူ-၂၂ အသင်း ပွဲထွက်လူစာရင်းအဖြစ်  ဂိုး- ဆန်းဆက်နိုင်၊ နောက်တန်း- စိုးမိုးကျော်၊ ရဲရင့်အောင်၊ ရဲမင်းသူ၊ အောင်ဝဏ္ဏစိုး၊ အလယ်တန်း- အောင်နိုင်ဝင်း၊ နေမိုးနိုင်၊ လွင်မိုးအောင်၊ ရှေ့တန်း- မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ၊ အောင်ကောင်းမာန် တို့ပါဝင် ကစားခဲ့ကြပါတယ်။  ဒုတိယပိုင်းမှာတော့ သူရိန်စိုး၊ ကျော်မျိုးနိုင်၊ ဇင်မင်းထွန်း၊ စိုးလွင်လွင်၊ ဟိန်းထက်အောင်၊ ကောင်းထက်စိုး၊ ဝင်းနိုင်ထွန်း၊ ဝင်းမိုးကျော်တို့ကို လူစားဝင်ကစားခဲ့ပါတယ်။  မြန်မာ ယူ-၂၂ အသင်းဟာ ဗီယက်နမ်နဲ့ပွဲမတိုင်ခင် နိုဝင်ဘာ ၁၃ ရက်က  ထိုင်းယူ-၂၂ အသင်းနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ကစားရာမှာ ထိုင်းအသင်းက (၃-၂) ဂိုးနဲ့ အနိုင်ရသွားပါတယ်။  မြန်မာယူ-၂၂ အသင်းဟာ နိုဝင်ဘာ ၁၈ မှာ မြန်မာနိုင်ငံ ပြန်လာပြီးနောက် ဆီးဂိမ်းစ်အတွက် ဆက်လက်လေ့ကျင့်မှာဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဖိလစ်ပိုင်နိုင်ငံကို နိုဝင်ဘာ ၂၃ နေ့  သွားရောက်မှာဖြစ်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ မလေးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနဲ့ ကမ္ဘောဒီးယား အသင်းတွေနဲ့ တအုပ်စုထဲကျနေပြီး အဖွင့်ပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ နိုဝင်ဘာ ၂၅ ရက် စတင် ယှဉ်ပြိုင်ကစားရမှာပါ။
2 years Ago
Up