မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေး

A d v e r t i s e m e n t With Us

June 8, 2020

မူဆယ်နယ်စပ် ကုန်စည်စီးဆင်းမှုအဆင်ပြေစေရေး မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေး 

မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ကုန်စည်စီးဆင်းမှုအဆင်ပြေစေရေးအတွက်  မြန်မာ စီးပွားကူးသန်းဝန်ကြီးနဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ဇွန်လ ၈ ရက် မနက်က  နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စတွေကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင်ခေါင်းဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့တို့  ​​တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့  ဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ  တရုတ်နိုင်ငံက ကုန်စည်ကန့်သတ် စစ်ဆေးမှုတွေကြောင့် ယာဉ်ကြောပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေတဲ့အတွက် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရေထွက်ကုန်ပစ္စည်းနဲ့ သစ်သီးဝလံတွေ အတွက်အရည်အသွေးစစ်ဆေးတာကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုပါကြောင်း မြန်မာဘက်က ဆွေးနွေးခဲ့ ပါတယ်။  ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်တဲ့  ပြောင်းစေ့တွေ ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချ နိုင်ရေးဖို့ စဉ်းစားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဝဥ၊ လျှော်ဖြူ၊ ထောပတ်သီးစတဲ့  ပို့ကုန်အမယ်သစ်တွေ တရုတ်နိုင်ငံဘက်သို့ တင်ပို့ရာမှာ စိစစ်ဆောင်ရွက်မှုများကို ဖြေလျှော့ ပေးစေလိုပါကြောင်း၊ နှစ်ဖက်ကုန်သည်များအကြား ငွေပေးချေမှုဆောင်ရွက်ရာမှာ အခက်အခဲ ကြုံတွေ့နေရလို့ နှစ်ဖက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားစေလိုပါကြောင်း ပြောပါတယ်။ ဒါ့အပြင် မူဆယ် နယ်စပ်ကုန်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် လမ်းပိုင်းချဲ့ထွင်ရာမှာ ကူညီဆောင်ရွက်ပေးဖို့၊ ပုံမှန်ကုန်သွယ်မှုအပြင် နယ်စပ်နေပြည်သူတွေ အကြား နယ်စပ်ထွက်ကုန်တွေ အပြန်အလှန်လဲလှယ်မှုတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက် ပေးစေလိုပါကြောင်းမြန်မာဘက်က ဆွေးနွေးခဲ့ပါတယ်။ တရုတ်ဘက်ကပြန်လည်ဆွေးနွေးရာမှာ မူဆယ် ၁၀၅ မိုင်မှ ရွှေလီအထိ ကုန်သွယ်ရေးလမ်းကြောင်းမှာ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ကုန်စည်တွေမပါရှိဘဲ ရပ်နားထားတဲ့ယာဉ်တွေကို ရှင်းလင်းပြီး ကုန်တင်ယာဉ်တွေကို ဦးစားပေးစေလိုပြီး ရွှေလီ-မူဆယ်ဂိတ်မှာ လုပ်ငန်းတွေ လျင်မြန်ချောမွေ့စေရေးအတွက် ည ၁၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးစေလိုတယ်လို့ တရုတ်သံမတ်က ပြောပါတယ်။  မန်းမန်-နွမ်းရင်နယ်စပ်ဂိတ်မှာ ကုန်စည်များစစ်ဆေးဖို့ အဆောက်အဦ လိုအပ်နေပြီး နယ်စပ်ဂိတ်တွေမှာ တရုတ်နိုင်ငံမှ ယာဉ်မောင်းတွေက ကျန်းမာရေးထောက်ခံစာ (Health Certificate) ပြသနိုင်ပါက မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုပေးစေလိုတယ်လို့ ပြောပါတယ်။ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် မူဆယ်-မန္တလေး ရထားလမ်းကိုလည်း အမြန်ဆုံးတည်ဆောက်နိုင်ရေး မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း နှစ်ဘက်ဆွေးနွေးခဲ့ပါတယ်။ ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းတွေအရ  ၂၀၂၀ ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်စည် တင်ပို့မှုပမာဏမှာ ၁ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- U Than Myint
9 months Ago
Up