မြန်မာ-တရုတ်နယ်စပ်

March 7, 2022

မြန်မာ-တရုတ်နယ်စပ် ဟိုချောင်ဝ်တွင် တရုတ်ငှက်ပျောလုပ်ငန်းရှင်များ ဆန္ဒပြ

မြန်မာ-တရုတ်နယ်စပ်၊ ကချင်ပြည်နယ်၊ ကံပိုင်တည်နဲ့ ထိစပ်နေတဲ့ ဟိုချောင်ဝ် နယ်စပ်ကုန်သွယ်ရာနေရာမှာ တရုတ်ငှက်ပျော လုပ်ငန်းရှင်တွေ ဂိတ်ပိတ်ထားလို့ ဆုံးရှံးမှု များနေတာကြောင့် မတ် ၇ ရက်နေ့ ဒီနေ့ ဆန္ဒပြနေကြတယ်လို့ ‌နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေ က ပြောပါတယ်။

“ကံပိုင်တည်၊ တရုတ်ဘက်ခြမ်း ဟိုချောင်ဝ်ဆိုတဲ့ဆိပ်ကမ်းမှာ တရုတ် ငှက်ပျောလုပ်ငန်းရှင်တွေ ဒီနေ့ ဆန္ဒပြကြတာ။ မြန်မာဘက်ခြမ်း ကံပိုင်တည်ဘက် ငှက်ပျောကားတွေ အစီး ၈၀၀ ပေါ့။ ပစ္စည်းတွေ အကုန်လုံး ပုပ်ကုန်ပြီ။ ၁ ရက်ကို တရုတ်ငွေ သိန်း ၂၀၀၀ လောက် ဆုံးရှုံးနေရပါတယ်။ ရောဂါကာကွယ်ရေးအဖွဲ့အနေနဲ့ ဗဟိုက အမိန့်မရဘဲနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆိပ်ကမ်းကို ပိတ်ပစ်လိုက်တယ်လို့ ‌အော်‌နေကြတာ” လို့ မြန်မာကုန်သည်တဦးက ပြောပါတယ်။

ကိုဗစ် အကြောင်းပြချက်နဲ့ မတ်လ လဆန်းပိုင်းက နယ်စပ်ဂိတ်ကို ရုတ်တရက် တရုတ်ဘက်က ယာယီပိတ်လိုက်ပြီး ပြန်မဖွင့်သေးတာကြောင့် ကုန်သည်လုပ်ငန်းရှင်တွေ ဆုံးရှုံးနေရတဲ့အပြင် ကားတွေ ရာချီ ပိတ်မိနေတာကြောင့် ယာဉ်ပိုင်ရှင်၊ ကားသမားတွေလည်း ခက်ခဲဒုက္ခ ရောက်နေကြရတယ်လို့ ငှက်ပျောကုန်တင်ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

"တရုတ်ပြည်ထဲ ဝင်ဖို့ ကားတွေလေ။ ကံပိုင်တည် နယ်စပ်ဂိတ်ပေါက်က မဖွင့်သေးဘူး။ ကျနော့်ကားတွေလည်း အကုန်လုံး အဲဒီမှာပဲ ပိတ်မိနေတယ်။ ဆန္ဒပြနေတာ။ ကျနော်တို့ကားတွေ အဲဒီဘက်ရောက်နေတာ ၁၀ ရက်ကျော်ပြီ။ ဝင်လို့လည်းမရ၊ ပြန်လို့လည်းမရ၊ ဒုက္ခရောက်နေတာ။"

ဆန္ဒပြတာက တရုတ်ဘက်ခြမ်း ကံပိုင်တည်နဲ့ ထိစပ်နေတဲ့ ဟိုချေင်ဝ်ဆိုတဲ့ နေရာဖြစ်ပြီး ကားတွေက မြန်မာဘက်ခြမ်း ကံပိုင်တည်ဘက်မှာ အစီး ၈၀၀ လောက် ပိတ်မိနေတာလို့ ဆိုပါတယ်။

အခုလ မတ်လဆန်းကစပြီး ကိုဗစ်ပိုးတွေ့ အကြောင်းပြချက်နဲ့ ကျင်စန်းကျော့နဲ့ ကံပိုင်တည် နယ်စပ်ဂိတ်တွေ အပါအဝင် နယ်စပ်ဂိတ်အားလုံးနီးပါးကို တရုတ်ဘက်က ရုတ်တရက် ယာယီပိတ် လိုက်ပြီး လွယ်ဂျယ်ဂိတ်ကိုတော့ မတ် ၄ ရက်နေ့က ပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ 

9 months Ago

December 18, 2021

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီကုန်သွယ်ရေးဂိတ် ပြန်ဖွင့်

ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ်က ၄ လ ကျော်ကြာ ပိတ်ထားခဲ့တဲ့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ ၁၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ နယ်စပ်ကုန်သွယ် ရေးအသိုက်အဝန်းကနေ သိရပါတယ်။ 

မြန်မာကုန်သည်တဦးက “မနေ့က ဖွင့်လိုက်ပြီ။ လောလောဆယ်တော့ ကန့်သတ်ထားတယ်။ တရက်မှ အစီး ၃၀ ပေါ့။ စမ်းပြီးတော့ဖွင့်မှာ။ လုပ်တဲ့ စနစ်မိုက်တယ်။ ဘာမှ ခေါက်တိုကား မရှိဘူး။ ရှန်တိန်ကား မရှိဘူး။ အဲလိုပဲ ကားချင်းချင်း ပိုးသတ်ပြီးတော့ ပြောင်းလိုက်တာပဲ။ လုပ်တဲ့ စနစ် တအားကောင်းတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စမ်းသပ်ကာလအနေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်ဘက် တင်ပို့ကုန်ကို တရုတ်ဘက်က ရင်နှီးမြှုပ်နှံမှု လုပ်ထားတဲ့ တစ်သျှူးငှက်ပျောနဲ့ သွင်းကုန်ကိုတော့ ငှက်ပျော သီးထည့်တဲ့ ဂျက်ဖာတွေ အဓိကထားခွင့်ပြုသွားမှ ဖြစ်ကြောင်း မြန်မာဘက်က ငှက်ပျောကုန်တင် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ 

"ဖွင့်ပီ။ မနေ့က ၇ စီးထင်။ ငှက်ပျောကား။ ဟိုဘက်က အထွက်မရှိဘူး။ အဝင်က ငှက်ပျော ဂျက်ဖာလောက်ပဲ ရှိမှာ။ ခုက အစမ်း ကာလ ဟုတ်တယ်။ ရောဂါ ထိန်းသိမ်းနိုင်ရင်၊ ပိုးတွေ့တာ တွေ မရှိရင် ဆက်ဖွင့်မှာ။" လို့ သူက ရှင်းပြပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဂိတ် ဖွင့်ဖို့ ရက်‌‌တွေရွှေ့ ဆိုင်းတာတွေ ရှိတာကြောင့် ကြိုတင် စောင့်ဆိုင်းကာ ရက်ကြာသောင်တင်သူတွေလည်းရှိကြောင်း "ကျနော်က အခုမှ ခြံထဲဝင်ရမှာ။ ကြိုပြီးတင်ထားတဲ့ ကား‌ကတော့ ကြာတာပေါ့။" လို့ သူ က ပြောပါတယ်။

မြန်မာဘက်က လုပ်ငန်းရှင်တွေအနေနဲ့  တရုတ်ဘက် ပို့ကုန်တင်ပို့ရာမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီ ခွင့်ပြုချက် တင်ပြီး ခွင့်ပြုတဲ့အတိုင်းသာ တင်ပို့ရကြောင်း လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။

မြန်မာဘက်ခြမ်းက ယာဉ်မောင်း‌တွေနှင့် ယာဉ်နောက်လိုက်တွေအနေနဲ့ ဝါရှောင်ဂိတ်မှာ ၁ ကြိမ်၊ ကန်ပိုက်တီ (ကံပိုင်တည်)ဂိတ်မှာ ၁ ကြိမ် ကိုဗစ်-၁၉ စစ်ဆေးမှာဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တွေကို တရုတ်ဘက်ခြမ်းရောက်ရင် လှဲလှယ် မောင်းနှင်ရမယ်လို့ သူက ဆိုပါတယ်။

''နယ်စပ်ကုန်သွယ်ရေး စခန်းကို ကျော်ပြီးတဖက်မှာ ခေါက်တိုကားသမားတွေရှိတဲ့ နေရာ ကားသွားအပ်ရမယ်။ အဲ့ဒီခေါက်တိုကားသမားတွေက မောင်းပြီး တရုတ်ထဲ ဝင်မယ်၊ ကုန်တွေချမယ်။ ပြီးရင် ကားအလွတ်ကို ယူလာပြီး မြန်မာဘက်က ကားသမားတွေဆီ ကားပြန်အပ်မှာ။ မြန်မာကားသမားတွေကတော့ တရုတ်ထဲတော့မဝင်ဘူး'' လို့ တစ်သျှူးငှက်ပျော လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ မြန်မာဘက်ခြမ်းက တစ်သျှူးငှက်ပျော အဓိကတင်ပို့မှာဖြစ်ပြီး လူသုံးကုန်စားသုံးကုန်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်းတွေ တင်သွင်းမှာ ဖြစ်ပြီး မြန်မာဘက်က ကုန်ကားအစီးရေ ၅၀၀ နဲ့ ကုန်သွယ်ဖို့ ကနဦး သဘောတူညီမှုရရှိထားတယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်မှ ဇူလိုင်လ ၁၁ ရက်နေ့က စပိတ်ထားခဲ့တာပါ။ 

Photo Crd- ကုန်သည်၊ ယာဉ်မောင်းများ

12 months Ago
More News
Up