မြန်မာ့အသံဝန်ထမ်း

February 9, 2021

မြန်မာ့အသံဝန်ထမ်း ၁၀၀ ကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး CDMလှုပ်ရှားမှုတွင် ပါဝင်လာ

နေပြည်တော် မြန်မာ့ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဌာနက ဝန်ထမ်း ၁၀၀ ကျော် CDM ခေါ် အမိန့်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ  ပါဝင်လာတယ်လို့ ဦးစီးအရာရှိ ဦးကျော်သက်လင်းက ပြောပါတယ်။

မြန်မာ့ရုပ်မြင်သံကြားမှာ သတင်းဖတ်ကြားတဲ့ ဦးကျော်သက်လင်း အပါအဝင် ဝန်ထမ်းကြီးငယ်အားလုံး  CDM ခေါ် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဒီနေ့ပါဝင်လာကြတာဖြစ်ပါတယ်။

 CDM လှုပ်ရှားမှုမှာ မြန်မာ့အသံဝန်ထမ်းတွေ ပါဝင်ရတာနဲ့ ပတ်သက်ပြီး ဦးကျော်သက်လင်း  "အာဏာသိမ်းအစိုးရ အာဏာသိမ်းတဲ့သူတွေ အာဏာရှင်စနစ်ပြုတ်ကျရေး အဲ့ဒါနံပတ်တစ်ပါ ။ ပြုတ်ကျမှလည်း ကျနော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေပြန်လွတ်မှာဖြစ်တဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်တို့  သမ္မတကြီးတို့ အစိုးရအဖွဲ့ပြန်လွှတ်ပေးရေး ဒီ နှစ်ခုပါပဲ၊"

လောလောဆယ်တော့    CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို  ဌာနအကြီးအကဲတွေဘက်က တစုံတရာအရေးယူတာမျိုး မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာ့အသံရှိဌာနကြီးလေးခုက ဝန်ထမ်း ၁၀၀ ကျော်ပါဝင်လာတာဖြစ်ပြီး ဦးစီးအရာရှိအဆင့် ၁၀ ယောက်လောက်နဲ့ တခြားအဆင့် ဝန်ထမ်းငယ်တွေ  CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတာပါ။ ဦးစီးအရာရှိအဆင့်အထက် လက်ထောက်ညွှန်ကြားရေးမှူးကနေ  ညွှန်မှူး အဆင့်အထိတော့  CDM လှုပ်ရှားမှုမှာ ပါဝင်လာခြင်း မရှိသေးပါဘူး။ 

၁၉၈၈ အရေးတော်ပုံကာလတုန်းကလည်း မြန်မာ့အသံဝန်ထမ်းတွေက မဆလ တစ်ပါတီ အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး  အရေးတော်ပုံအပြီးမှာ အလုပ်ဖြုတ်ခံရသူများတွေ အမြောက်အမြား ရှိခဲ့ပါတယ်။

10 months Ago
Up