မြန်မာ့သယံဇတတွေ

August 26, 2021

စစ်အုပ်စု လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာ့သယံဇာတတွေ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံအတွက် မျှော်လင့်မထားတဲ့ အပြောင်းအလဲကြီး တခုဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်ရဲ့ ကံကြမ္မာကလည်း လက်နက်အားကိုးတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ထဲကျရောက်ခဲ့တာ တကမ္ဘာလုံးက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုနဲ့ပတ်သတ်ပြီး အကြောင်းပြချက်က ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲစာရင်းတွေထပ်နေတာကို အကြောင်းပြကာ မဲမသမာမှုရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်ကိုင်ထားပြီး အစပျိုးခဲ့တာပါ။

ဒီ့နောက်မှာတော့ တိုင်းပြည်ရဲ့အခြေအနေအရပ်ရပ်ကြောင့် စစ်တပ်က ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲကာ အာဏာထိန်းတာပါလို့ ဆိုပြန်ပါတယ်။ ဒီတော့ စစ်တပ်ရဲ့ အကြောင်းပြချက်က ကျိုးကြောင်းခိုင်လုံမှု ရှိပါသလား။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀ (ဂ) မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသောအဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေ အနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိသည် ဟုဖော်ပြထားပါတယ်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ။ ပုဒ်မ ၄၁၀ မှာ "တိုင်းဒေသကြီးတခုတွင်ဖြစ်စေ၊ ပြည်နယ် တနယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတခုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သိရှိလျှင်သော် လည်းကောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေ အနေကြေညာနိုင်သည်" ဟုဖွင့်ဆိုထားပါတယ်။

ဒါပေမဲ့ စစ်တပ်ကအာဏာမသိမ်းခင်အချိန်ထိ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းနဲ့ ရယူရန် ဆောင်ရွက်ခြင်းဆိုတဲ့ အခြေအနေတရပ်ဟာ နိုင်ငံတွင်းမှာ  မရှိခဲ့တာ တွေ့ရပါတယ်။

နိုင်ငံရေးစောင့်ကြည့်လေ့လာသူတဦးက “စစ်တပ်က သူတို့ပြောသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းတယ်ပဲထားပါတော့။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တကယ်လိုက်နာလို့လား။ ပြီးတော့ အရေးပေါ်ကာလကြောင့် အာဏာလွှဲတယ်ဆိုရင် သမ္မတက လွှဲရမှာလေ။ အခုဟာက သမ္မတက လွှဲခဲ့တာမှ မဟုတ်တာ။ နောက်တချက်က အရေးပေါ် ကာလဆိုတာ တိုင်းပြည်မှာ စစ်မက်တွေ ဖြစ်နေတာပဲဖြစ်ဖြစ်၊ မငြိမ်သက်လို့ပဲဖြစ်ဖြစ်၊ အစိုးရအနေနဲ့ အုပ်ချုပ်နိုင်စွမ်း မရှိတော့လို့ စစ်တပ်က အရေးပေါ်ကာလလို့ ကြေညာပြီးတော့မှ ယူရမှာလေ။ အခုက အရေးမပေါ်တာကို အရေးပေါ်ဆိုပြီး သူတို့ကြေညာပြီး လုပ်တာလေ။ သူတို့ မသိမ်းခင်က အရေးမပေါ်ဘူး။ သူတို့ သိမ်းပြီး တော့မှ အရေးပေါ်တာ မဟုတ်လား” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ကွက်က အကျိုးစီးပွား

မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာမှာ ထုတ်ခဲ့တဲ့အစီရင်ခံစာအရ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့က ပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းစုတွေမှာ ဆောက်လုပ်ရေးနှင့်ကျောက်မျက်ထုတ်ယူရေးကအစ ကုန်ထုတ်လုပ်ငန်းတွေ၊ အာမခံလုပ်ငန်း၊ခ ခရီးသွားလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၆ ခုအပြင် ၊ ကော်ပိုရေးရှင်းဖွဲ့စည်းပုံမှတဆင့် MEHL ၊ MEC တို့နဲ့ အနီးကပ်ဆက်စပ်မှုရှိတဲ့ နောက်ထပ်စီးပွားရေးလုပ်ငန်းပေါင်း ၂၇ ခုကိုပါ မစ်ရှင်က ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီလုပ်ငန်းတွေက ရရှိတဲ့ဝင်ငွေတွေဟာ အရပ်ဘက်အစိုးရရဲ့ ကြီးကြပ်မှုအောက်က ကင်းလွတ်နေကာ စစ်တပ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပိုမိုခိုင်မြဲစေတယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် အရပ်ဘက်အစိုးရက တပ်မတော်ကို ထိန်းချုပ်နိုင်တဲ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ဖို့နဲ့ တပ်မတော်အား ပြီးပြည့်စုံစွာ ပြည်လည်ဖွဲ့စည်းပြီးတဲ့အခါ တပ်မတော်ရန်ပုံငွေအားလုံးကို လွှတ်တော်ရဲ့ ထောက်ခံချက်ပါမှ ခွင့်ပြုဖို့၊ လွှတ်တော်ထိန်းချုပ်မှုအောက်် မရှိတဲ့ တပ်မတော်ဝင်ငွေအားလုံးကို တားမြစ်ဖို့၊  တပ်မတော်ကို မြန်မာ့စီးပွားရေးလောကမှ  ဖယ်ရှားကာ စီးပွားရေးလုပ်ငန်း တမျိုးမှ မလုပ်စေဖို့  ဥပဒေအရ တားမြစ်ဖို့  အကြံပြုထားတာတွေ တွေ့ရ ပါတယ်။

ပြည်ပရောက် မြန်မာ့စီးပွားရေးသုသေတီ တဦးကလည်း “စစ်တပ်အနေနဲ့ ၂ နှစ်တာအာဏာ ယူမယ်ဆိုရင် အုပ်ချုပ်ရေးအာဏာပဲ ယူလေ။ ကျန်တဲ့ အင်စတီးကျူးရှင်းတွေ ဘာမျှမဖျက်နဲ့။ ပြီးတော့ ၂ နှစ်တာ ယူမယ်သာ ပြောတာ။ အခုတော့ နေ့တိုင်းနီးပါး ဘာစီမံကိန်းကြီးတွေ လုပ်မယ်ဆိုပြီး လုပ်နေတာက အာဏာထိန်းတဲ့ အစိုးရတရပ်အနေနဲ့ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဆိုတော့ ဒါက ရေရှည်စီမံကိန်းနဲ့ လုပ်နေတာလို့ မြင်တယ်။ သူတို့က ဘယ်တော့မျှ အကြာကြီးနေမယ် လို့မပြောဘူး။ ပြောလိုက်ရင် ၁ နှစ်၊၂ နှစ်ဆိုတာချည်းပဲ။ ဒါပေဲ့ နေလိုက်ရင် နှစ် ၂၀ ပဲ။ မြန်မာပြည်သမိုင်းကို ပြန်ကြည့်လိုက်ရင်လေ။ ဒါကြောင့် ကျနော်တို့က ဘာမျှ ပြန်မလုပ်နိုင်ဘူးဆိုရင် ဓားမိုးထားတဲ့ ဒီမိုကရေစီအောက်မှာ တသက်လုံးနေသွားရမယ်။ အရင်ကလည်း စစ်တပ်က သဘောမတွေ့ရင် ဘာမျှလုပ်လို့ မရဘူး။ အခုကာလက ပိုဆိုးသွား လိမ့်မယ်။ အခုလည်း မဲလိမ်တယ်၊ မဲခိုးတယ်ပြောပြီး အာဏာသိမ်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရ ရင် ကြက်ဥအနှစ်နဲ့အကာ ဆိုရင် အဲ့ဒါက ကြက်ဥ အကာပဲ။ အနှစ်က သူတို့အကျိုးစီးပွားတွေ ထိခိုက်မှာစိုးလို့ အာဏာသိမ်းတာ” လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ကျောက်စိမ်းသယံဇာတ

NLD အစိုးရလက်ထက်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျောက်စိမ်းတူးဖော်ရေးနဲ့ ပတ်သက်တဲ့  လိုင်စင်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။ လုပ်ငန်းလိုင်စင်ရပ်ဆိုင်းချိန်မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) က ကျောက်စိမ်း နှင့်ကျောက်မျက်လိုင်စင် အများစုရရှိထားတဲ့အကြောင်း Global Witness က စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်ဟာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းကို လွှမ်းမိုးချင်တဲ့ အာသီသရှိနေတယ်ဆိုတာကို ထင်ရှားစေပါတယ်။

“ကျနော်တို့ တွေ့ရှိချက်တွေအရ မြန်မာတပ်မတော်က ဘီလီယံများစွာတန်ဖိုးရှိတဲ့ ကျောက်စိမ်းကုန်သွယ်ရေးကို ပိုပြီးတော့ ချုပ်ကိုင်လာချင်တယ်။ အလားတူ တိုင်းပြည်ရဲ့စီးပွားရေးမှာ အရေးပါတဲ့လုပ်ငန်းတွေကိုလည်း ချုပ်ကိုင်ချင်တာကို တွေ့နေရတယ်” လို့ Global Witness  မြန်မာနိုင်ငံဆိုင်ရာအကြံပေး Keel Dietz က ပြောပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးရဲ့အမြင်ကလည်း “မြန်မာနိုင်ငံမှာ သံယံဇာတ ထုတ်ယူနေတာအဓိကအုပ်စုက စစ်တပ်၊ခရိုနီ၊ တိုင်းရင်းသားလက်နက်ကိုင်၊ အသေးစား ဆိုပြီး အုပ်စု ၄ ခုရှိတယ်။ ဗိုလ်ချုပ်တော်တော်များများက ကုမ္ပဏီတွေနဲ့လုပ်ခွင့်ရထားတယ်။ ပြီးတော့ သူတို့က အခွန်မဆောင်ဘူး။ ဆိုတော့ NLD အစိုးရလက်ထက်မှာ သံယံဇာတတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာထုတ်ယူရေးဆိုပြီး Extractive Industries Transparency Initiative (EITI) လုပ်လာတယ်။ဒီတော့ လိုအပ်တဲ့ စာရင်းတွေတောင်းတဲ့အခါ မပေးကြဘူး။ အမှန်ကတော့ ဒီဟာက ဒီမိုကရေစီတိုင်းပြည်တွေမှာ လုပ်လေ့လုပ်ထရှိတဲ့ ပုံစံပါ။ အဲဒီ့ကနေ အခွန်ကောက်ယူရတာ။ နောက်တချက်က ဥပမာ ကျောက်စိမ်း ထုတ်တယ်ဆိုပါတော့။ တရားဝင်စာရင်းက နည်းနည်းလေးလေ။ အမှန်တကယ်ထုတ်နေတာက အများကြီးပဲ” လို့ပြောပါတယ်။

မြန်မာ EITI က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက ထုတ်တဲ့ အစီရင်ခံစာပါအချက်အလက်တွေအရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များကို တင်သွင်းဖို့ လိုအပ်တဲ့ကုမ္ပဏီပေါင်း ၁၆၃ ခု အနက် ၁၂၁ ခုကသာ အချက်အလက်ဖြည့်သွင်းခဲ့တာကြောင့် တင်ပြမှုရာခိုင်နှုန်းက ၇၄ ရာခိုင်နှုူန်းသာရှိပါတယ်။

ဒီနေရာမှာ လုပ်ငန်းအမျိုးအစား ၆ ခု သတ်မှတ်ထားတဲ့အနက် ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းတခုတည်းကိုသာ ပွင့်လင်းမြင်သာမှုရှိ မရှိ ဆန်းစစ်ကြည့်ပါမယ်။ ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းအတွက် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၈၃ ခုအနက် ၆၈ ခုက တင်သွင်းပြီး ၁၅ ခုက အချက်အလက်မသွင်းတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်း  ရှိပါတယ်။

ဒီပမာဏက ရင်းနှီးမြှုပ်နှံ့မှုနှင့် ကုမ္ပဏီများညွှန်ကားမှု ဦးစီးဌာန  (DICA) မှာ မှတ်ပုံတင်ထားတဲ့စာရင်းသာဖြစ်ပြီး  အမှန်တကယ်ထုတ်လုပ်နေတဲ့စာရင်းက ဒီထက်မက ရှိနေတဲ့ အပြင်  တရားမဝင်စီးဆင်းနေတဲ့  ယိုပေါက်ကြီးကလည်း စိုးရိမ်စရာပါ။

ပြည်ပရောက် မြန်မာ့သံယံဇာတတွေအပေါ်စောင့်ကြည့်လေ့လာသူတဦးက “တချို့ကုမ္ပဏီကြီးတွေလည်း ၂၀၂၁-၂၂ အထိ သက်တမ်းကျန်သေးတော့ ဆက်လုပ်နေတာပေါ့။ ဒီထဲမှာ ပရောဂျက်ရပ်နားခံလိုက်ရတဲ့ ကုမ္ပဏီကြီးတွေလည်းရှိတာပေါ့။ သူတို့က သက်တမ်းမရှိတော့ပေမယ့်လည်း သူ့နည်းသူ့ဟန်နဲ့ နားလည်မှုယူပြီး ဆက်တူးနေ တာလည်းရှိတာပေါ့။ ဒါကတော့ သူ့တို့ယူထားတဲ့ အကွက်ကိုဘဲ ခိုးတူးတာပေါ့။ ခိုးတူးတယ်ဆိုတာက သူတို့ယူထားတဲ့တာတွေကို ခြံကြီးတွေကာပြီး လုပ်တာပေါ့ဗျာ။ အခုအခြေအနေမှာတော့ ဆက်လုပ်နေပုံရတယ်။ ဘာလို့လဲဆိုတော့ သာမန်ပုံမှန်အစိုးရ လက်ထက်မှာတောင် သံယံဇာတထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ  လိုင်စင်ပေးတာက စပြီး ထုတ်ယူရောင်းချတဲ့ အထိကို အဂတိလိုက်စားမှု ရှိနိုင်တယ်ဆိုတာ တကမ္ဘာလုံးမှာ တွေ့နေရတာပဲလေ။ သာမန်အခြေအနေမှာတောင် မလုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတော့ အုပ်ချုပ်ရေးကိုဖိဖိစီးစီး မလုပ်နိုင်တဲ့အချိန်မျိုးမှာ ပိုပြီးတော့ တရားမဝင်ထုတ်လုပ်တာတွေ သယ်ဆောင်တာတွေ ဖြစ်လာနိုင်တယ်။ နဂိုကတည်းက တရားမဝင်ထုတ်လုပ်မယ်၊ တရားမဝင်သယ်ဆောင်မယ်၊ တရားမဝင်ရောင်းချမယ်ဆိုတဲ့ လမ်းက ဖောက်ပြီးသားပဲကိုး။ တဖက်မှာလည်း ဒီမှာက ကျောက်စိမ်းတွေ ရှိနေသေးတယ်ဆိုရင် ဆက်ပြီးလုပ်နေဦးမှာပဲလို့ ယူဆရတယ်။ပိုတောင်မှ ကြိုက်ရင် ကြိုက်နေမှာ” လို့ ဆိုပါတယ်။

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး သယံဇာတအရေး လေ့လာစောင့်ကြည့်သူ ဒေသခံတဦးကတော့ “ဖားကန့် တောမျှော်မှာရှိတဲ့ ဦးပိုင်ရဲ့လုပ်ကွက်က ကျနော်တို့ ကြားတဲ့သတင်းအရ အဓိကလုပ်ကွက်ပဲ။ အဲ့နေရာရဲ့ လုပ်ကွက်က လောလောဆယ်တော့ ရပ်ထားတယ်။ ရပ်ထားတယ်ဆိုတာက သက်တမ်းကုန်နေလို့ ဆိုပြီး ကြားတယ်။ သက်တမ်းကုန်တယ်ဆိုတာ ဦးပိုင်က သက်တမ်းကုန်သွားတာပေါ့။ အဲ့တာကို လောလောဆယ်လုံခြုံရေး ယူထားတယ်။ ဆက်ပြီးလုပ်နေတာတော့ လောလောဆယ်မတွေ့ဘူး။ ဒါပေမဲ့ နားလည်မှုနဲ့တချို့ ခိုးပြီးတော့မှ လုပ်နေလားတော့မသိဘူးပေါ့။ ဒါပေမဲ့ ရုံးစာရွက်စာတမ်းတွေအရဆိုရင် သက်တမ်းကုန်လို့ အဲ့ဒါက ရပ်ထားတယ်။ လက်ရှိမြေပြင်အနေအထားမှာတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ရွှေနဲ့ပတ်သတ်တဲ့လုပ်ငန်းတွေ ချပေးနေတယ်” လို့ပြောပါတယ်။

Global Witness က ၂၀၂၁ခုနှစ် ၊ဇူလိုင်လကထုတ်တဲ့ အစီရင်ခံစာပါအချက်အလက်တွေအရ မြန်မာနိုင်ငံက ကျောက်စိမ်း လုပ်ငန်းကဏ္ဍမှာ စစ်တပ်နဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်းတွေ၊ ခရိုနီကုမ္ပဏီတွေ၊ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကျောထောက်နောက််ခံပြု ပြည်သူ့စစ်အဖွဲ့တွေက အဓိကလွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖော်ပြပါအဖွဲ့အစည်းတွေဟာ ကျောက်စိမ်းကဏ္ဍကရတဲ့  အမြတ်အစွန်းတွေကို အဓိက အကျိုးအမြတ်ခံစားနေကြရပြီး ၂၀၁၄ ခုနှစ်မှာဆိုရင် အဆိုပါလုပ်ငန်းကဏ္ဍမှ အမြင့်ဆုံးဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော် ရရှိခဲ့တယ်လို့ Global Witness က ခန့်မှန်းတွက်ချက်ထားပါတယ်။

Global Witness ကဒီခန့်မှန်းချက်ကိုတွက်ချက်တဲ့နေရာမှာ သတ္တုတွင်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ကျောက်စိမ်းကီလိုဂရမ် ၁၇၅ သန်း ထုတ်လုပ်ဖို့ လျာထားပြီး ကီလို ၁၀၆ သန်းကျော် ထုတ်လုပ်ခဲ့ပါတယ်။ ပျမ်းမျှတွက်ချက်လျှင် တစ်နှစ်ကို ကီလို ၂၁ သန်းကျော်ထုတ်လုပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Global Witness က ၂၀၁၄ ခုနှစ်မှာ ကီလို ၁၆ သန်းထုတ်ယူတဲ့အပေါ် ခြေရာကောက်ကာ ဝင်ငွေဒေါ်လာ ၃၁ ဘီလီယံရှိနိုင်တဲ့ကြောင်း တွက်ချက်ခဲ့တာဖြစ်ပြီး ဒီတွက်ချက်မှုက အစိုးရထုတ်ပြန်တဲ့  ကျောက်စိမ်းထုတ်လုပ်မှု ပမာဏထက်တောင် နည်းနေတာတွေ့ရပါတယ်။

ဒီနေရာမှာ မြန်မာအစိုးရက နိုင်ငံတကာ EITI (သဘာဝသယံဇာတ လုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိစေရေး ဆောင်ရွက်ကျင့်သုံးမှု နိုင်ငံတကာသဘောတူညီချက်)သို့ တင်ပြတဲ့ စာရင်းမှာ ကျောက်စိမ်းမှ ဝင်ငွေက ၂၀၁၄ ခုနှစ်မှာ ဒေါ်လာသန်း ၆၀၀ ကျော်သာရှိပါတယ်။ ဆိုတော့ ဒီနေရာမှာ Global Witness စာရင်းနှင့် နှိုင်းယှဉ်လျှင် ဝင်ငွေ အဆ ၅၀ ခန့်ကွာဟနေပါတယ်။

အလားတူ Natural Resources Governance Institute ကထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်၊လေ့လာချက်အရ တခြားနှစ်တွေမှာ ရရှိတဲ့ နှစ်စဉ် ကျောက်စိမ်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနဲ့  ၁၅ ဘီလီယံ အကြားရှိနိုင်တယ်လို့ ခန့်မှန့်ထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီက စစ်အာဏာသိမ်းမှုကြောင့် NLD အစိုးရလက်ထက်မှာ လုပ်ဆောင်နေတဲ့ ကျောက်စိမ်း လုပ်ငန်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေက ရှေ့ဆက်စရာ လမ်းကြောင်း မရှိတော့ဘူးလို့ Global Witness က ထောက်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းက ပြည်ပကို တရားမဝင်မှောင်ခိုလမ်းကြောင်း ကတဆင့်စီးဆင်းမှုရှိတဲ့အနက် တရုတ်နိုင်ငံဆီ အများဆုံးဝင်ရောက်မှုရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့ နိုင်ငံတခုဖြစ်ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ် အတွင်းမှာ ထုတ်လုပ်မှုကလည်း တသမတ်တည်းတိုးလာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကတည်းက ရေနံနဲ့ သဘာဝဓါတ်ငွေ့စီမံကိန်း ၆၇ ခု ရှိပြီး  ဒီလုပ်ငန်းတွေက စူးစမ်းလေ့လာမှုနဲ့ ထုတ်လုပ်မှုအဆင့်မှာ ရှိနေပါတယ်။

ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့စီမံကိန်းဖြစ်တဲ့ ရတနာလုပ်ကွက်မှာ TOTAL, Chevron, PTTEP ပေါင်းစပ်အကောင် အထည်ဖော်နေပြီး ရဲတံခွန်လုပ်ကွက်မှာ Petronas, PTTEP တို့က လုပ်ငန်းပေါင်းစပ်ကာ ထိုင်းအစိုးရရေနံကုမ္ပဏီ PTT က လုပ်ငန်းလည်ပတ်ဆောင်ရွက်နေပါတယ်။

ဒီလုပ်ကွက်တွေက တနေ့လျှင် ကုဗပေသန်းပေါင်း ၉၁၀ နဲ့ ကုဗပေသန်းပေါင်း ၂၅၀ အသီးသီးထုတ်လုပ်နေပါတယ်။ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းက တနေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့်ထုတ် လုပ်နေတာပါ။ ဒီအချက်အလက်တွေက ၂၀၁၈ ဒီဇင်ဘာကထုတ်တဲ့ EITI ၏အစီရင်ခံစာကို အခြေခံထားတာဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေကတဆင့် မြန်မာအစိုးရဟာ နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီရရှိနေတာပါ။ ဒါကြောင့်ပဲ ဒီကဏ္ဍက ရရှိတဲ့ဝင်ငွေတွေ အာဏာသိမ်းစစ်တပ်လက်ထဲမရောက်ဖို့ လိုအပ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံရေးဝန်ကြီး ဦးတင်ထွန်းနိုင် က “နိုင်ငံတော်၏ကြီးမားတဲ့ ဝင်ငွေရလမ်းတခုဖြစ်တဲ့ ရေနံ၊သဘာဝဓါတ်ငွေ့ကုမ္ပဏီတွေအနေဖြင့် နိုင်ငံတော်သို့ လစဉ်ပေးသွင်းရတဲ့ ငွေများအား မတ်လကုန်မှစ၍ ရပ်ဆိုင်းထားရန်၊ စစ်ကောင်စီထံသို့ ပေးသွင်းပါက အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ ပြည်သူ့အစိုးရ တက်လာချိန်တွင် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိတဲ့ငွေများ ပြန်လည်တောင်းခံမည်ဖြစ်ကြောင်း” မတ်လ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒီလိုပြောကြားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက TOTAL ကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံက Chevron ကုမ္ပဏီကြီးတွေက ဓာတ်ငွေ့ ပိုက်လိုင်းပို့ဆောင်မှုဆိုင်ရာလုပ်ငန်းအတွက် မြန်မာနိုင်ငံကို ပေးရမယ့်ငွေကို  စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပထမဆုံး စပြီးဆိုင်းငံ့ခဲ့ကြပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာရှိတဲ့ ဘော်တွင်းသတ္တူတွင်းစီမံကိန်းမှာ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပါဝင်တဲ့ သြစတြေးလျအခြေစိုက် Myanmar Metals Limited (MYL) က သူတို့ရဲ့ ရှယ်ယာ ရုပ်သိမ်းပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ပြည်ပရောက် မြန်မာ့သံယံဇာတတွေအပေါ်စောင့်ကြည့်လေ့လာသူတဦးက “မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးမှ သတ္တူတူးဖော်ရေးကုမ္ပဏီကြီးတွေ လာဖို့ ကြားသိနေရတာတွေတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အကြီးဆုံး မဂ္ဂနီစီယမ် သတ္တုသိုက်ကြီးတွေရှိသေးတယ်။ သာစည်နဲ့ ရှမ်းပြည်နယ်စပ်မှာလည်း Rare-earth မြေရှားသတ္တု ထွက်တဲ့နေရာတွေနဲ့ သံမဏိသိုက်အကြီးကြီးတွေလည်း ရှိနေသေးတယ်။ ပြီးတော့ဒီအချိန်က ပြိုင်ဘက်မရှိပဲနဲ့ လိုင်စင်တွေရနိုင်ဖို့က အခွင့်ကောင်းကြီး တခုလိုဖြစ်နေတာ။ ရေနံကတော့ လောလောဆယ်ထုတ်ဖို့တော့ မဟုတ်ဘူး။ လိုင်စင်တွေ ကိုင်ထားဖို့တော့လုပ်လိမ့်မယ်။ သတ္တုလည်းဒီအတိုင်းပါပဲ။ ချက်ချင်းထုတ်လုပ်လို့ ရတာမှ မဟုတ်တာ။ ထုတ်လုပ်ဖို့ပြင်ဆင်ရတာ အနည်းဆုံး ၅ နှစ်လောက်ကြာတယ်။ ဆိုတော့ ရေနံလုပ်ကွက်တွေ သတ္တု လုပ်ကွက်တွေကတော့ လုပ်လာကြလိမ့်မယ်” လို့ဆိုပါတယ်။

ဒါကြောင့် တဖက်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ လုပ်ငန်းတွေက ဝင်လာဖို့ တာစူနေတာ တွေ့နေရပါပြီ။ အနီးစပ်ဆုံးပြန်ကြည့်ရင် စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ NLD အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့တဲ့ အထက်သံလွင်က (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်က စစ်ကောင်စီနဲ့ ပေါင်းပြီး ပြန်လည်အကောင်အထည် ဖော်ဖို့ လုပ်ဆောင်နေတာရှိပါတယ်။

တာဝန်ယူမှု၊တာဝန်ခံမှုနဲ့ တရားမျှတမှုမရှိတဲ့ အခြေအနေနဲ့ပတ်သတ်ပြီး ကြုံတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ  သဘာဝသယံဇာတအရေး စောင့်ကြည့်လေ့လာသူ ဒေသခံတဦးကလည်း “ကျနော်တို့ဆီမှာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းလုပ်တော့ ၂၀၀၉-၂၀၁၀ မှာ မြေသိမ်းခံရတာတွေကြုံခဲ့ရတယ်။ စစ်အစိုးရက သိမ်းခဲ့တဲ့အတွက် တရားမျှတမှု မရှိတာတွေ အများကြီးရှိတယ်။ ဌာနဆိုင်ရာတွေမှာလည်း အကျင့်ပျက်ခြစားမှုတွေ အများကြီးရှိခဲ့တယ်။ အမ်းမြို့မှာ ဆိုရင် အခုအချိန်အထိ မြေဧက ၃၀၀၀ နဲ့ ၄၀၀၀ အကြား လျှော်ကြေးမရသေးတာတွေ ရှိတယ်။ ပိုက်လိုင်းတလျှောက် ရွာမြေတွေ ပါသွားတွေ အများကြီးပဲ။ ကျနော်တို့ကိုယ်တိုင် တရားမျှတမှုအတွက် တောင်းဆို လာတာဆိုရင် ၂၀၁၁ ကစပြီးတော့ တောင်းဆိုလာခဲ့တာ ၂၀၁၇ အထိပဲ ကုမ္ပဏီတွေနဲ့ စကားများတဲ့အထိ ဖြစ်တယ်။ အခုလည်း စစ်တပ်က အုပ်ချုပ်မှာ ဆိုတော့ တရားမျှတမှုဆိုတဲ့နေရာမှာ သူတို့ ဆုံးဖြတ်တဲ့အတိုင်း လက်ခံရင် လက်ခံ။ ပြန်မပြောရ ဆိုတဲ့ ပုံစံမျိုးပဲ သွားတော့မယ်။ အာဏာနဲ့ ပိုပြီးတော့ ကိုင်တွယ်မှာပေါ့” လို့ပြောပါတယ်။

သစ်တောသယံဇာတ

မြန်မာနိုင်ငံမှာ သစ်တောသယံဇာတထုတ်လုပ်မှုနဲ့ပတ်သတ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး သစ်အလုံးလိုက် ပြည်ပတင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့တယ်။ သစ်ထုတ်လုပ်မှုကိုလည်း နှစ်စဉ်ခွင့်ပြုထားတဲ့ ကျွန်းသစ်ခုတ်လှဲနိုင်တဲ့အပင်အရေအတွက် နှစ်သောင်းအောက်သို့လျှော့ချခဲ့တယ်။

ဒီနောက် NLD အစိုးရလက်ထက်မှာလည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တနှစ်ပတ်လုံးကို သစ်ခုတ်လှဲမှု ပိတ်ပင်ခဲ့တယ်။ ဒီ့အပြင် ကျွန်းသစ်အဓိကထွက်ရှိတဲ့ ပဲခူးရိုးမအား ၁၀ နှစ်တာ သစ်မခုတ်လှဲဖို့ တားမြစ်ခဲ့တယ်။ သစ်ထုတ်လုပ်မှုတွေကို အခုလိုတရားဝင်ကန့်သတ်ထားရှိပေမယ့် တရားမဝင်သစ်အဖြစ် ဖမ်းဆီးရရှိတဲ့အခြေအနေက ဆက်ရှိနေတာတွေ့ရပါတယ်။

EITI မှ ၂၀၂၀ ခုနှစ်၊ ဧပြီလကထုတ်တဲ့ သစ်တောကဏ္ဍအစီရင်ခံစာ ဖော်ပြချက်အရ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ သစ်တော ဦးစီးဋ္ဌာနက ဖမ်းဆီးရရှိတဲ့ တရားမဝင်သစ်က ၅၁,၇၂၅ (Hoppus tons) ဟော့ပတ်စ်တန် ရှိခဲ့ပါတယ်။ အလားတူ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာလည်း ဖမ်းဆီးရရှိတဲ့ တရားမဝင်သစ်က ၄၆,၁၅၃ (Hoppus tons) ဟော့ပတ်စ်တန် ရှိခဲ့တာပါ။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် သစ်တောကဏ္ဍမှ ကောက်ခံရရှိတဲ့ဝင်ငွေက မြန်မာကျပ်ငွေ ၄၃၇ ဘီလီယံ (သို့) အမေရိကန် ဒေါ်လာ ၃၂၂ သန်း ရှိပါတယ်။ သစ်ထုတ်လုပ်မှုအပိုင်းမှာတော့ မြန်မာ့သစ်လုပ်ငန်း (MTE) က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျွန်းပင်ပေါင်း ၉၄၅၄ ပင် (တန်အားဖြင့် ၁၅,၄၁၆ ဟော့ပတ်စ်တန်)ရှိပြီး ဒါကသတ်မှတ်ထားရှိတဲ့ နှစ်စဉ်ခုတ်လှဲနိုင်သောပမာဏ၏ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ သစ်မာအမျိုးအစားမှာတော့ အပင်ပေါင်း ၁၄၈,၁၈၁ ပင် (တန်အားဖြင့် ၃၂၅,၀၁၂ ဟော့ပတ်စ်တန်) ရှိပြီး သတ်မှတ်ထားရှိတဲ့ နှစ်စဉ်ခုတ်လှဲနိုင်သောပမာဏ၏ ၂၅  ရာခိုင်နှုန်း သာထုတ်ယူမှုရှိတယ်လို့ EITI ၏အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာတော့ ထိမ်းသိမ်းထားတဲ့သစ်တောတွေလည်း ပျက်စီးရတော့ အခြေအနေနဲ့ နီးကပ်လို့နေပါပြီ။

ပြည်ပရောက် မြန်မာ့သံယံဇာတတွေအပေါ်စောင့်ကြည့်လေ့လာသူတဦးက “သစ် သစ်ကောင်း၊ ဝါးကောင်း ကျန်တာက အလောင်းတော်ကဿဖပဲ ရှိတော့တာလေ။ သဘာဝအမျိုးသား ဥယျာဉ်ဆိုပြီး ထိမ်းသိမ်းထားတာ။ အခုတော့ အကြိုက်ပေါ့။ ပဲခူးရိုးမမှာဆိုရင်လည်း သစ်မထုတ်လုပ်ဖို့ ၁၀ နှစ်သတ်မှတ် ထားတာ။ ပြောချင်တာက မြန်မာ့သစ်လုပ်ငန်းလို အဖွဲ့အစည်းအနေနဲ့ အကျိုးအမြတ်မရှိပေမယ့် အသီးသီးခိုးနေတဲ့ သူတွေ အတွက်ကတော့ အိုကေပဲ။ အဲ့မှာတော့ ပွဲတော်ကြီးဖြစ်နေမှာ။ ပြီးတော့ ဗန်းမောက်ဆိုရင်လဲ အင်မတန်မှ တောကောင်းသေးတာ။ အဲ့ဒါတွေက ပြောင်မယ်ထင်တယ်။ ပြောင်တော့ အဲ့ဒါတခုတည်း လားဆိုတော့ မဟုတ်ဘူးဗျ။ လူတွေက အကုန်ဆင်းရဲတော့ အောက်ခြေလူတန်းစားတွေကလည်း သူတို့က သစ်တော့ ထုတ်လို့မရရင် မီးသွေးဖုတ်ဖို့ လုပ်မှာလေ။ အဲ့တော့ ဆင်းရဲသားကလည်း ဆင်းရဲသားအလျောက်၊ ပိုက်ဆံချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့ အလျောက်ပေါ့။ ဒီတော့ တောတွေက မြန်မြန်ဆန်ဆန် ပြောင်မှာပဲ။ ဒါကတော့ ဆင်းရဲတွင်းက နက်လာလေ၊ တရား ဥပဒေ စိုးမိုးမှုကလဲ မရှိလေ ဆိုရင် ဖြစ်မှာပဲ” လို့ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂ဝ၁၉ ခုနှစ်၊ ဇွန်လကထုတ်တဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာအရ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ( ၂၅နှစ်အတွင်း) မြန်မာနိုင်ငံမှာ သစ်တောဟက်တာ ၁ဝ သန်း ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ သစ်တောဆုံးရှုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး နိုင်ငံတွင်းမှာ လည်း အခုအချိန်ထိ တရားမဝင်သစ်ထုတ်တာနဲ့ အဂတိလိုက်စားမှုတွေ ရှိနေသေးကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

မြန်မာ့သယံဇာတအနာဂတ်

EITI ဘုတ်အဖွဲ့က မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်မှုနဲ့ အခြေခံလွတ်လပ်မှု မရှိတာတို့အပြင် လက်ရှိလူမှုဖွဲ့စည်းပုံကလည်း EITI ကချမှတ်ထားတဲ့ စံနှုန်းနဲ့ပြည့်မှီခြင်း မရှိတာကြောင့်  EITI  အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်လက်ပူးတွဲ လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့လို့ မြန်မာနိုင်ငံအား EITI အဖွဲ့ဝင်နိုင်ငံစာရင်းမှ ယာယီရပ်ဆိုင်းလိုက်ပြီလို့ ကြေညာထားပါ တယ်။

ဆိုတော့ ပွင့်လင်းမြင်သာမှုမရှိတော့တဲ့အတွက် စစ်တပ် အုပ်ချုပ်မှုအောက် ရောက်ရှိသွားတဲ့ မြန်မာ့သံယံဇတတွေရဲ့ အနာဂါတ်က မတွေးဝံ့စရာ အခြေအနေပါ။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြည်ပရောက် စီးပွားရေးသုတေသီတဦးရဲ့အမြင်က “ဒီလုပ်ငန်းတွေက စစ်တပ်အောက် ပြန်ရောက်သွားတော့ ဘယ်သူတွေက ဘယ်လောက်ထုတ်ယူနေတယ်ဆိုတာ ကျနော်တို့ မသိနိုင်တော့ဘူး။ ပြီးတော့ လာမယ့် အစိုးရကလည်း အရပ်သားဒီမိုကရေစီဖြစ်ဖို့ မလွယ်ဘူး။ စစ်တပ်က ထောက်ခံတဲ့အစိုးရပဲ တက်မှာပေါ့။ ဒီတော့ စစ်တပ်ရဲ့ အကျိုးစီးပွားကို ကာကွယ်မယ့် အစိုးရပဲဖြစ်မယ်။ ဆိုတော့ စစ်အာဏာရှင်စနစ်ရှိနေသမျှ သယံဇာတတွေအပေါ် ပိုပြီး လက်ဝါးကြီးအုပ်မယ်လို့ပဲ မြင်တယ်။ တိုင်းပြည်ဘက်က ကြည့်ရင် နစ်နာတယ်။ သူတို့ဘက်က ကြည့်ရင်တော့ ဒီလုပ်ငန်းတွေအပေါ် အကာအကွယ်ယူလိုက်တာကြောင့် ပိုပြီး လုပ်ပိုင်ခွင့်၊ ထိန်းချုပ် ခွင့်ရသွားတာပေါ့” လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှ သဘာဝသံယံဇာတအရေး လေ့လာစောင့်ကြည့်သူ ဒေသခံတဦးကလည်း “သံယံဇာတနဲ့ဆိုင်တဲ့ကိစ္စက သူတို့လုပ်ချင် လုပ်မယ်ဆိုတဲ့ အနေအထား၊ ဆိုတော့ လုပ်ဖို့တော့များတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော် ဘတ်ဂျက်မရှိဘူး။ အဲ့ဒါနဲ့ဆက်စပ်ပြီး စဉ်းစားရင် တိုင်းပြည်ဝင်ငွေ မရှိဘူး။ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ဖို့တော့ များလာပြီ။ ကျနော်တို့ တိုင်းပြည် နစ်နာအောင် လုပ်မယ်၊ မလုပ်ဘူးဆိုတာက သူတို့ဘယ်လောက် စည်းကမ်းနဲ့အညီ အကောင်အထည်ဖော်မလဲပေါ့။ အခုကတော့ စစ်အစိုးရအနေနဲ့က သူတို့လုပ်ချင်ရင်လည်း လုပ်လို့ရတယ်။ တိုင်းပြည်ဘဏ္ဍာလိုအပ်ချက်အရ လုပ်ဖို့တော့ များနေတယ်။ ဒီနေရာမှာ ပြည်သူကို ဘယ်လောက် မျက်နှာမူမလဲ။ ဒီသံယံဇာတတွေအပေါ် ဘယ်လောက်သုံးစွဲမလဲ ဆိုတာကတော့ တိုင်းပြည်ရဲ့ ကံကြမ္မာပဲ” လို့ ဆိုပါတယ်။

မြန်မာပြည်ဟာ သံယံဇာတကျိန်စာပေါ်ရောက်နေပြီလား ဆိုတာကို ပြည်ပရောက် မြန်မာ့သံယံဇာတတွေ အပေါ်စောင့်ကြည့်လေ့လာသူတဦးက “သံယံဇာတပိုရှိလေ၊ ပိုပြီး ဒုက္ခရောက်လေ။ ဘာလို့လဲဆိုတော့ အစိုးရက လူထု ဆီကနေ ကောက်ခံရတဲ့ အခွန်ဘဏ္ဍာငွေတွေအပေါ် မှီခိုနေစရာမလိုဘူးပေါ့။ သံယံဇာတတွေကို ရောင်းမယ်။ တိုက်ရိုက်ယူမယ်။ လူထုအပေါ်မှာ မမှီခိုဘူး။ ငါ့ဘာသာငါ သံယံဇာတ ထုတ်ရောင်းမယ်။ ရတဲ့ပိုက်ဆံကိုလည်း သုံးချင်သလို သုံးမယ်ဆိုပြီး လက်လွတ်စပယ်လုပ်နိုင်တဲ့ အနေအထားကို သံယံဇာတ ကျိန်စာလို့ ညွှန်းဆိုတာပေါ့နော်” လို့ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ “မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တည်နေရာအရပဲဖြစ်ဖြစ်၊ အကျယ်အဝန်း အရပဲဖြစ်ဖြစ်၊ သံယံဇာတအရပဲဖြစ်ဖြစ် ဆင်းရဲတဲ့တိုင်းပြည်ဖြစ်စရာ အကြောင်းမရှိဘူး။ မြန်မာပြည်ထက် အခြေအနေဆိုးတဲ့ တိုင်းပြည်တောင် မြန်မာပြည်ထက် တိုးတက်နေတယ်။ မြန်မာပြည်က လူတွေ ဆင်းရဲတာ၊ ဒုက္ခရောက်ရတာက နိုင်ငံရေး စီမံခန့်ခွဲမှုလွဲမှားလို့။ တနည်းအားဖြင့် အာဏာရူးတဲ့လူတစုက သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ချင်လို့ တိုင်းပြည်ဒုက္ခရောက်တာ။ အဲ့ဒါကို မရှင်းသမျှ ကျနော်တို့ တိုင်းပြည်က ဘယ်တော့မျှ မတိုးတက်ဘူး။ ပြည်သူတွေရဲ့လူနေမှုဘဝကလည်း ဘယ်တော့မျှ ကောင်းမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။

အာတူးဒီ

3 months Ago
Up