မြန်မာ့သတင်းမီဒီယာ၏ ကံကြမ္မာ

May 3, 2021

ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့နှင့် မြန်မာ့သတင်းမီဒီယာ၏ ကံကြမ္မာ

မေလ ၃ ရက်နေ့သည် “ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့” (World Pess Freedom Day) ဖြစ်သည်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို UNESCO အစီအစဉ်ဖြင့် နမီးဘီးယားနိုင်ငံ (Namibias) ၏မြို့တော် ၀င်းဟို့ (Windhoek) ၌ ဧပြီ ၂၉ မှ မေလ ၃ ရက်နေ့အထိ ကျင်းပလျက်ရှိရာ၊ “ပြင်းထန်သော စိန်ခေါ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မီဒီယာ အခင်းအကျင်းအတွင်း ပြည်သူလူထုကောင်းကျိုးအတွက် သတင်းအချက်အလက် အဆင့်မြှင့်တင်ရေး” (To promote Information as a Public Good in a severely challenged media landscape) ဟူသော ခေါင်းစဉ်ဖြင့် စီစဉ်ကျင်းပနေကြောင်း သိရသည်။

သတင်းမီဒီယာ လွတ်လပ်ခွင့် (Freedom of the Press) ၏  အရေးပါမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် မေလ ၃ ရက်နေ့ကို ‘ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့’ အဖြစ် ကမ္ဘာနှင့်အဝန်းတွင် ကျင်းပလေ့ရှိသည်။ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာတဝန်းရှိ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပြန်လည်စိစစ်သုံးသပ်ရန်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် ထိုးနှက်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်နှင့် သတင်းလိုက်ရင်း အသက်စွန့်ခဲ့ရသည့် နိုင်ငံတကာမှ သတင်းထောက်များအား ချီးကျူးဂုဏ်ပြုရန် ‘ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့’ ကို ကမ္ဘာတခွင်တွင် ကျင်းပကြခြင်း ဖြစ်သည်။ 

ယခု ၂၀၂၁ ခုနှစ် “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့” (World Pess Freedom Day) အခမ်းအနားတွင် ထင်ရှားကျော်ကြားသော ပညာရှင်များ ပါ၀င်တက်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း အခမ်းအနား အစီအစဉ်စာရင်းအရ သိရသည်။

စီးပွားရေးသိပ္ပံပညာရပ်ဖြင့် နိုဘယ်လ်ဆုရရှိသည့် ဂျိုးဆက် စတစ်ဂလစ် (Joseph Stiglitz - USA)၊ အိုင်ရင်းခန် (Irene Khan, UN Special Rapporteur on the Promotion and Protection of the Right to Freedom of Opinion and Expression)၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) ၏ အထွေထွေအတွင်းရေးမှူး အဂ္ဂနက်စ် ကော်လာမဒ်၊ ဖိလိပိုင်မှ အွန်လိုင်းအကြမ်းဖက်မှု စုံစမ်းလေ့လာရေးအဖွဲ့ (Rappler) တည်ထောင်သူ မာရီယာရက်ဆာ (Maria Ressa)၊ နယ်စည်းမခြားအင်တာနက်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဂျူလီအိုဝိုနို (Member of Facebook’s Oversight Board)၊ မီရန်ဒါဂျွန်ဆင် (The Economist, Deputy Executive Editor)၊ စတီဖင် ဒန်ဘာဂျွန်ဆင် (President, International of The New York Times)၊ ဆာနစ်ကိုလတ်စ် ကလက်ဂျ် (Vice-President for Global Affairs and Communications at Facebook) အစရှိသော ပုဂ္ဂိုလ်ကျော်များ တက်ရောက်ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာပြည် ကိုယ်စားပြုမှုဖြင့် ထိုအခမ်းအနား၌ ပါ၀င်ဆွေးနွေးမည့်သူမှာ ကိုဆွေဝင်း (Chief-Editor of Myanmar Now) ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆယ်စုနှစ်များစွာ ဖိနှိပ်ခံခဲ့ရသောကြောင့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့သည် မြန်မာနိုင်ငံအတွက်လည်း အရေးကြီးသောနေ့ ဖြစ်သည်။ သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် ပေးဆပ်မှုများနှင့်အတူ အနစ်နာခံ ကြိုးပမ်းခဲ့ကြသည့် ကမ္ဘာတစ်ဝန်းမှ ပုဂ္ဂိုလ်များ၊ လက်ရှိအချိန်တွင် ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်နေကြသူများ၊ သတင်းလိုက်ရင်း အသက်ဆုံးရှုံးခဲ့ကြရသည့် သတင်းသမားများ၊ သတင်းလိုက်ရင်း ထိခိုက်အနာတရ ဖြစ်ခဲ့ရသူများ၊ သတင်းလိုက်ရင်း ဖမ်းဆီးနှိပ်စက် အကျဉ်းချခံရသူများကို ဤ မေလ ၃ ရက် “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့” တွင် နိုင်ငံတကာ သတင်းစာလွတ်လပ်ခွင့် စောင့်ကြည့်အဖွဲ့များနှင့် ဒီမိုကရေစီအစိုးရများက လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုလေ့ရှိသည်။

ယနေ့မြန်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေသည် ဆယ်နှစ်မျှသော ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီခေတ်တွင် အတော်အသင့်  တိုးတက်လာတော့မယောင် ရှိနေစဉ်မှာပင် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မအာဏာသိမ်းယူခြင်း ခံလိုက်ရပြန်သည်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီအထိ သတင်းရယူရာတွင်၊ သတင်းများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် အကန့်အသတ်များ ရှိနေခဲ့သော်လည်း အတော်အတန် လွတ်လပ်စွာ သတင်းရယူနိုင်ခဲ့သည်။ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သတင်းများရယူရာ၌ သတင်းထောက်များ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ရသည့်တိုင် စွန့်စားသွားလာ၍ သတင်းရယူနိုင်ခဲ့သည်။ အထူးသဖြင့် ရှေ့တန်း စစ်မျက်နှာသဖွယ် ဖြစ်နေသော တိုင်းရင်းသားဒေသများတွင် သတင်းထောက်များအတွက် လုံခြုံရေး အာမခံချက် လုံးဝမရှိသဖြင့် သတင်းတိတိကျကျရရှိရန် အလွန်ခက်ခဲခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် သတင်းသမားများကို တရားစွဲဆိုမှု ၂၃ မှု ရှိခဲ့ပြီး၊ တရားစွဲခံရသော သတင်းသမား ၃၁ ဦးရှိကြောင်း၊ ‘အသံအဖွဲ့’ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထိုအမှုများအနက် ထင်ရှားသောအမှုမှာ ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်သည့်အမှု ဖြစ်သည်။ ထိုအမှု အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချလိုက်သည့် ဖြစ်ရပ်သည် သတင်းစာ လွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုဟု လေ့လာသူတို့က သုံးသပ်ကြသည်။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုမှု ၁၄ မှု၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် တရားစွဲဆိုမှု ၃၆ မှုရှိခဲ့သည်။ သတင်းထောက်  ၄၇ ဦးအထိ တရားစွဲဆိုခံခဲ့ရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ အစိုးရအဖွဲ့ထက် တပ်မတော်က တင်းကျပ်စွာ ကိုင်တွယ်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ၏ ၂၀၁၉ ခုနှစ် ညွှန်းကိန်း (Index) တွင် နိုင်ငံ ၁၈၀ အနက် မြန်မာနိုင်ငံ၏အဆင့်သည် ၁၃၈ အထိ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ညွှန်းကိန်း (Index) တွင် မြန်မာနိုင်ငံ၏ အဆင့်သည် ၁၃၈ အထိကျဆင်းခဲ့ပြီး၊ ယခု ၂၀၂၁ ခုနှစ်တွင် အဆင့် ၁၄၀ သို့ ကျဆင်းသွားသည်ကို တွေ့ရသည်။

သတင်းသမားများ၊ သတင်းမီဒီယာများနှင့် တပ်မတော်အာဏာပိုင်တို့အကြား ပွတ်တိုက်မှုများသည် ၂၀၂၀ ပြည့်နှစ်တွင် ပိုမိုများပြားလာခဲ့ပြီး မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ပုံရိပ်သည်လည်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့ရသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေး လမ်းအတိုင်း လျှောက်လှမ်းမည်ဆိုပါက ‘လွတ်လပ်စွာဖွင့်ဟ ထုတ်ဖော်ပြောဆိုခွင့်’ နှင့် သတင်းစာ လွတ်လပ်ခွင့် (Freedom of the Press) တို့ကို လေးစား စောင့်ရှောက်ရမည် ဖြစ်သည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်မူ စစ်တပ်က လက်နက်ဖြင့် အနိုင်ကျင့် အာဏာသိမ်းလိုက်သောအခါ သတင်းမီဒီယာ လွတ်လပ်ခွင့်မျှသာမက နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးမှန်သမျှ လုံးဝချိုးဖျက်ခံလိုက်ရပေသည်။ ၂၀၁၀ ခုနှစ်မှ စတင်၍ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို စတင်ခဲ့သော မြန်မာနိုင်ငံသည် ဆယ်စုနှစ်တခု အလွန်၌ နိုင်ငံရေးအရ နောက်ကြောင်းပြန်လှည့်လိုသူ စစ်အာဏာရှင်နှင့် ရင်ဆိုင်တွေ့ကြရတော့သည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ကာ သတင်းစီးဆင်းမှုကို စတင်ပိတ်ပင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံတွင် သတင်းဖြန့်ဝေမှုနှင့် စီးဆင်းမှုအကောင်းဆုံးဖြစ်သည့် Facebook နှင့် Twitter, Instagran အစရှိသော လူမှုကွန်ရက်များကို ပိတ်ပင်ရန် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများနှင့် ဆက်သွယ်ရေး အော်ပရေတာများအား စစ်ကောင်စီက ဖေဖော်ဝါရီ ၅ ၌ ညွှန်ကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၄ တွင် နံနက် ၁ နာရီမှ ၉ နာရီအထိ အင်တာနက်ဖြတ်တောက်မှု စတင်ခြင်းဖြင့် သတင်းအချက်အလက်များ စီးဆင်းမှုကို ပိတ်ပင်ခဲ့သည်။ ယင်းလုပ်ရပ်မှာ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြလျက်ရှိသော ပြည်သူအများအား သတင်းချိတ်ဆက်မှု ဖြတ်တောက် အမှောင်ချခဲ့သည်။ 

ထို့ပြင် မဇ္ဈိမနှင့် ဒီဗွီဘီ ရုပ်မြင်သံကြားလိုင်းများ အပါအဝင် နိုင်ငံတကာ ရုပ်သံလိုင်းများကိုလည်း ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပိတ်ပင်ဖြတ်တောက်ခဲ့သည်။ နောက်ပိုင်းတွင် ပုံနှိပ်ထုတ်ဝေသည့် မဇ္ဈိမသတင်း၊ ဆဲဗင်းဒေးသတင်း၊ မြန်မာနောင်း၊ ခေတ်သစ်မီဒီယာ အစရှိသည့် မီဒီယာလုပ်ငန်းများကို ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ မတ်လ ၉ ရက်နေ့တွင် မဇ္ဈိမနှင့် ကမာရွတ် မီဒီယာတိုက်များကို အကြမ်းဖက်စီးနင်းခဲ့သည်။ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်နှင့် တွဲဖက်တည်ထောင်သူတို့ကို အကြမ်းဖက်ဖမ်းဆီးခဲ့သည်။ မတ်လ ၁၂ တွင် ပုဂ္ဂလိကမီဒီယာတခု ဖြစ်သည့် ဧရာဝတီသတင်းဌာနကို ပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက တရားစွဲခဲ့သည်။ မန္တလေးမှ VOM နှင့် တောင်ကြီးမှ ကမ္ဘာဇတိုင်းသတင်းဌာနများမှ သတင်းသမားများကိုလည်း ဖမ်းဆီး အရေးယူခဲ့သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်း ဂျာနယ်မှ သတင်းထောက် ၃ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့် စောင့်ကြည့်သည့် နယူးယော့ခ် အခြေစိုက် Committee to Protect Journalists(CPJ) အဖွဲ့၏ အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin ၏ စောင့်ကြည့် လေ့လာမှုအရ စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့မှ သတင်းသမား ၄၀ ဦးခန့် ဖမ်းဆီးထားသည်ဟု ဆိုသည်။ ထိုစာရင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့်လည်း ညှိနှိုင်းထားသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးသွားခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီက သတင်းထောက်များနှင့် သတင်းစာဆရာများကို ရာဇဝတ်သားများပမာ ပစ်မှတ်ထား၍ ဖမ်ဆီးခဲ့သည်။ ဖမ်းဆီးရာ၌ ဥပဒေနှင့်အညီမဟုတ်ဘဲ ဆဲဆိုကြိမ်းမောင်း ရိုက်နှက်ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။ သတင်းသမားများကို ကျူးလွန်မှုမရှိသော ဥပဒေများနှင့် တရားစွဲဆိုမှု ပြုသည်။ ထို့ကြောင့် သတင်းသမားများအဖို့ သတင်းရယူနိုင်ရန်  အခက်အခဲ အများအပြား ကြုံတွေ့နေရသည်။ ပိုဆိုးသည်မှာ အင်တာနက် ပိတ်ပင် ဖြတ်တောက်မှုကြောင့် သတင်းပေးပို့ရေး အလွန်ခက်ခဲလာသည်။ သို့ဖြင့် စီးဆင်းမှုလည်း ရှေးကကဲ့သို့ သွက်သွက်လက်လက် မရှိဖြစ်လာသည်။

သတင်းမီဒီယာ ဥပဒေပြဋ္ဌာန်းချက်များအရ သတင်းရယူနေသည့် သတင်းထောက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခွင့် မရှိကြောင်း သတင်းသမားများ အသုံးပြုနေသည့် ကိရိယာများကိုလည်း သိမ်းယူခွင့်ဖျက်ဆီးခွင့် မရှိကြောင်း အတိအလင်းပြဋ္ဌာန်းထားသည်။ သတင်းမီဒီယာ ဥပဒေ၏ အခန်း (၃) ၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ ပုဒ်မ (၇) တွင် သတင်းမီဒီယာသမားများသည် စစ်မက်ဖြစ်ပွားရာ ဒေသ၊ အဓိကရုဏ်း၊ အရေးအခင်းနှင့် အများပြည်သူ ဆန္ဒပြရာ နေရာများတွင် သတင်းရယူခွင့်ရှိကြောင်း၊ သတင်းရယူနေချိန် လုံခြုံရေး အဖွဲ့အစည်းများက ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းများနှင့် ကိရိယာများကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများမှ ကင်းလွတ်စေရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။ သတင်းမီဒီယာဥပဒေ၏ ပြဋ္ဌာန်းချက်များအရ သတင်းရယူနေသည့် သတင်းထောက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခွင့် မရှိကြောင်း သတင်းသမားများ အသုံးပြုနေသည့် ကိရိယာများကိုပါ ဖျက်ဆီးခွင့် မရှိကြောင်း အတိအလင်း ပြဋ္ဌာန်းထားသည်။

‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်’ (freedom of expression) နှင့် သတင်းစာ လွတ်လပ်ခွင့် (Freedom of the Press) မရှိပါက သတင်းအချက်အလက်များရရှိလျက် တက်ကြွစွာ ပါ၀င်ပတ်သက်ပြောဆို ဆွေးနွေးနိုင်သော နိုင်ငံသားများ ပေါ်ပေါက်ရန် မဖြစ်နိုင်ဟုလည်း ယူနက်စကိုက ဖော်ပြသည်။ သတင်းထောက်များ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံသည့် ပတ်ဝန်းကျင်မျိုးတွင် နိုင်ငံသားများအဖို့ ယုံကြည်အားထားလောက်သော သတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင်သည်။ အကျိုးဆက်အဖြစ် (လွတ်လပ်မျှတသော စီမံအုပ်ချုပ်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျား/မ တန်းတူရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ယဉ်ကျေးမှု အစရှိသော) ရည်ရွယ်ချက် အများအပြားကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်သည်ဟုလည်း  UNESCO က ဆိုသည်။

မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေမှာ ကျင့်ဝတ်ဖောက်ပြန်သည့် စစ်ဦးစီးချုပ်က တိုင်းပြည်နှင့် ပြည်သူများအပေါ် သစ္စာဖောက်ဖျက်၍ စစ်အာဏာရှင်စနစ် ပြန်လည်အသက်သွင်းရန် အားထုတ်နေသည်။ ထို့ကြောင့် အာဏာရှင်တို့ အကျင့်အတိုင်း သတင်းမှန်များ လွတ်လပ်စွာ စီးဆင်းမှုကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲနေခြင်း ဖြစ်သည်။ ယခုအခါ နိုင်ငံတကာသတင်းများ မကြည့်နိုင်ရန် ဂြိုဟ်တုစလောင်း (Satellite Dish) များကိုပင် အတင်းအဓမ္မ လိုက်လံပိတ်ပင် ဖျက်သိမ်းနေသည်။ သာမန်ပြည်သူများ၏ လက်ကိုင်ဖုန်းများကိုပင် လမ်းပေါ်တွင် အတင်းအဓမ္မ စစ်ဆေးသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် ဓာတ်ပုံနှင့် သတင်းများ တွေ့ပါက ဖမ်းဆီးသည်အထိ လုပ်လာသည်။ စစ်အာဏာရှင်ကို တိုက်ဖျက်နေသော ယခု နွေဦးတော်လှန်ရေး အချိန်ကာလတွင် သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းမှန်များ ပုံမှန်စီးဆင်းနိုင်ရေးအတွက် CRPH နှင့်  NUG အစိုးရအဖွဲ့တို့အနေဖြင့် ဒီမိုကရေစီ ဘက်တော်သား ကျင့်ဝတ်နှင့်ညီသော သတင်းသမားများနှင့် သတင်းဌာနများအားလည်း စနစ်တကျ အသိအမှတ်ပြု လက်တွဲရန် လိုသည်။ အကြမ်းဖက် စစ်ကောင်စီက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချိုးဖဲ့ဖျက်ဆီးနေချိန်၌ NUG ပြည်သူ့အစိုးရက စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မြန်မာ့သတင်းမီဒီယာ၏ ကံကြမ္မာနှင့် သတင်းသမားများအား အားပေးမြှင့်တင်ပေးရန် အထူးတာဝန်ရှိသည်ဟု ယူဆပေသည်။

UNESCO အပါအဝင် နိုင်ငံတကာ သတင်းမီဒီယာထောက်ကူရေးအဖွဲ့များက မြန်မာနိုင်ငံအကြောင်း လေ့လာသုတေသနပြုရာတွင် အစိုးရအား လွတ်လပ်သည့် သတင်းမီဒီယာ မူဝါဒချမှတ် မြှင့်တင်ရန် တိုက်တွန်းလျက်ရှိသည်။ ယခုအချိန်တွင် အဆိုပါတာဝန်ကို NUG အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူသင့်သည်။ သတင်းထောက်များအား ဥပဒေ အကာအကွယ်ဖြင့် လုံခြုံရေး အာမခံချက်ပေးရန်လည်း UNESCO တိုက်တွန်းနေသည်။ လွတ်လပ်သော မီဒီယာ မူဝါဒများဖြင့် ဖွဲ့စည်းထားသည့် (အစိုးရ မဟုတ်သော) သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးကို NUG အစိုးရက အားပေးမြှင့်တင်ရန် ထည့်သွင်းစဉ်းစားထားသင့်သည်။ သို့မှသာ မီဒီယာ ဗဟုဝါဒ (Media Pluralism) ထွန်းကား၍ ယုံကြည်အားထားလောက်သော သတင်းအချက်အလက်များ ရရှိနိုင်မည်။ တိုင်းရင်းသားသတင်းဌာနများ အပါအဝင် အစိုးရလက်အောက်ခံ မဟုတ်သော လွတ်လပ်သည့် သတင်းမီဒီယာများ အားကောင်းမောင်းသန်ဖြစ်လာစေရန် ဒီမိုကရေစီ အစိုးရများက ပံ့ပိုးအားပေးရမည့်တာဝန်ရှိသည်။ ထိုအချက်ကို NUG အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့”  တွင် မမေ့မလျော့ ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

နန္ဒလင်းရှိန် 

7 months Ago
Up