မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

July 2, 2020

ရေးမြို့နယ် တောင်သူလယ်သမားများအတွက် ကျပ်သိန်း ၁၈၀၀၀ ခန့် ထုတ်ချေးပေးမည်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် တောင်သူတွေ ထိခိုက်နစ်နာမှုတွေရှိလာတာကြောင့် ပြန်လည် ကုစားတဲ့အနေနဲ့ အတိုးနှုန်း သက်သာစွာနဲ့  ဇူလိုင်လ ပထမအပတ်မှ စတင်ပြီး ငွေထုတ်ချေးပေးသွားမည်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရေးဘဏ်ခွဲမှ သိရပါတယ်။ နိုင်ငံတော် အစိုးရရဲ့ မူဝါဒလမ်းညွှန်ချက်တွေအရ ၁ ဧကကို ကျပ် ၅၀၀၀၀ နှုန်း အတိုး ၅ ရာခိုင်နှုန်းနဲ့ လယ်ဧက ၉၄၀၀ ဧကအတွက်  တောင်သူ ၁၆၈၂ ဦးကို ကျပ်သိန်း ၄၇၀၀ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရေး ဘဏ်ခွဲမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုလို ငွေတွေ ထုတ်ချေးပေးတာဟာ လယ်ယာလုပ်ငန်းကို အထောက်အကူပြုစေပေမယ့် ပြီးခဲ့တဲ့နှစ်က သဘာဝဘေး မြစ်ရေကြီးနစ်မြှုပ်ဒဏ်ခံရတဲ့ လယ်ယာတွေ ပျက်စီးတာရယ် စပါးမျိုး ဆုံးရှုံးမှုနဲ့ပါ ကြုံတွေ့ရလို့  စားစရိတ်တွေ ဆုံးရှုံးကြတယ်လို့ တောင်သူတွေက ပြောပါတယ်။ အခု ကိုဗစ် ကပ်ဘေးကာလမှာ ချေးငွေသီးသန့်ထုတ်ချေးပေးမယ့်အပြင် မိုးစပါးချေးငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်မှာ ရေးမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ အုပ်စုမှ တောင်သူတွေအတွက်  ကျပ်သိန်းပေါင်း ၁၄၀၀၀ လောက် ထုတ်ချေးဖို့ရှိပါတယ်။  လက်ရှိ ကျေးရွာ ၁၉ အုပ်စုရှိ  တောင်သူ ၉၀၂ ဦးကို လယ်ဧက ၅၀၁၄ ဧကအတွက်  ကျပ်သိန်း ၈၀၀၀ နီးပါး  ထုတ်ချေးပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။  သတင်း-နေမျိုးထွဋ် 
2 years Ago

May 24, 2020

မကွေးတိုင်းတွင် မိုးရာသီစိုက်စရိတ်ချေးငွေ ကျပ် ၁၄၃ ဘီလီယံ ကျော် ထုတ်ချေးမည်

မကွေးတိုင်းအတွင်း မိုးရာသီ သီနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၃ ဘီလီယံကျော် ထုတ်ချေးပေးနေတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးကျော်တင်ဦးက ပြောပါတယ်။ “တိုင်းအတွင်းက တောင်သူတွေအတွက် မိုးစပါး ၁ ဧကကို ၁ သိန်းခွဲကျပ်နှုန်း၊ အခြားသီးနှံ ၁ ဧကကို ၁ သိန်းကျပ်နှုန်းနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၁ သိန်း ၄ သောင်း ၃ ထောင်ကျော် ထုတ်ချေးပေးနေပါတယ်။” မကွေးတိုင်းအတွင်း ၂၀၂၀ ခုနှစ်အတွက် မိုးစပါးစိုက်ဧက ၄ သိန်းကျော်၊ အခြားသီးနှံစိုက်ဧက ၈ သိန်း ၂ သောင်းကျော် စုစုပေါင်း ၁၂ သိန်းကျော်စိုက်ပျိုးမယ်လို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့လပိုင်းက ဗဟိုဘဏ် အတိုးနှုန်းလျှော့ချလိုက်လို့ ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ယခု ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးနေတာပါ။ ချေးငွေပြန်သွင်းရမယ့် သတ်မှတ်ရက်ထက် နောက်ကျခဲ့ရင် ငွေ ၁၀၀ ကို ၁ လ ပြားငါးဆယ်နှုန်းနဲ့ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်တယ်" လို့ ဦးကျော်တင်ဦးက ပြောပါတယ်။ အခုနှစ်နွေရာသီမှာ မြို့နယ် ၄ မြို့နယ်က နွေစပါးစိုက်ဧက ၃၈၀ ကျော်နဲ့ အခြားသီးနှံစိုက်ဧက ၁၀၀၀ ကျော်အတွက် ကျပ်ငွေ သန်းပေါင်း ၁၁၀၀၀ ကျော် ထုတ်ချေးခဲ့တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။ မင်းထီး
2 years Ago
More News
Up