အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်ကို အနိုင်ယူကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ပြင်ဆင်ထားတယ်လို့ မြန်မာအမျိုးသမီးနည်းပြကပြောပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ လာမယ့်ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းနဲ့ ဗီယက်နမ် အသင်းတွေကိုပဲ အဓိကပြိုင်ဘက်တွေအဖြစ် ဆက်လက်ရင်ဆိုင်ရမှာပါ။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိုင်းနဲ့ ဗီယက်နမ်အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး တတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။
လာမယ့်ဆီးဂိမ်းမှာတော့ ထိုင်းနဲ့ ဗီယက်နမ်ကို အနိုင်ယူကျော်ဖြတ်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ နည်းပြချုပ် ဦးဝင်းမိုးသူက ပြောပါတယ်။
မြန်မာကစားသမား ဝင်းသိင်္ဂီထွန်းက ထိုင်းနဲ့ ဗီယက်နမ်ကို အနိုင်မရတာဟာ ဆယ်စုနှစ် တခုလောက်ရှိနေပြီဖြစ်လို့ ဆီးဂိမ်းမှာတော့ လက်စာချေဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ပြိုင်ပွဲအဆင့်မှာ ထိုင်းကို အနိုင်မရခဲ့တာက ၂၀၁၂ ကတည်းက ဖြစ်ပြီး ဗီယက်နမ်ကို အနိုင်မရတော့တာဟာလည်း ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပါတယ်။
လာမယ့် ဖိလစ်ပိုင်ဆီးဂိမ်းမှာတော့ မြန်မာအသင်းက နိုဝင်ဘာ၂၆ ရက်မှာ အိမ်ရှင် ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၂ ရက်မှာ မလေးရှားအသင်းနဲ့ အုပ်စုပွဲစဉ်တွေကစားရမှာပါ။
တဖက်အုပ်စုမှာတော့ ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ပါဝင်ပြီး မြန်မာအသင်းအနေနဲ့ ထိုင်း ဒါမှမဟုတ် ဗီယက်နမ် နဲ့ ဆီမီးဖိုင်နယ်ရောက်မှ တွေ့ဆုံဖို့ရှိနေတာဖြစ်ပါတယ်။
3 years Ago