မြန်မာ့ရွှေဈေးထပ်တက်နိုင်

April 18, 2021

သင်္ကြန်အပြီး မြန်မာ့ရွှေဈေးထပ်တက်နိုင်

သင်္ကြန်ကာလ မြန်မာ့ရွှေအရောင်းအဝယ်တွေရပ်နားထားပေမဲ့  ကမ္ဘာ့ ရွှေဈေးပြန်မြင့်တက်နေတာကြောင့် မြန်မာရွှေ အရောင်းအဝယ်ပြန် လည်စတင်ချိန်မှာ ရွှေဈေးဆက်တက်နိုင်တယ်လို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ကမ္ဘာ့ရွှေဈေးက သင်္ကြန်မတိုင်ခင် ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ တစ်အောင်စကို  ၁၇၃၅ ဒေါ်လာ ဈေးဖြစ်ခဲ့ပေမဲ့ ဧပြီ ၁၇ ရက်နေ့မှ ၁၇၇၆ ဒေါ်လာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သင်္ကြန်မတိုင်ခင် ဈေးနဲ့ယှဉ်ရင် ၄ ရက်အတွင်း တစ်အောင်စကို ဒေါ်လာ ၄၀ ထိမြင့်တက်ခဲ့တာပါ။

ဧပြီ ၁၂ ရက်နေ့မှာ  မြန်မာရွှေဈေးက  ၁၄ သိန်း ၂ သောင်း  ဝန်းကျင်ရှိခဲ့ပြီး မြန်မာ့ ရွှေဈေးသမိုင်းတလျှောက် အမြင့်ဆုံးဈေးကို စံချိန်တင် ရောက်ရှိနေတာပါ။

ဒီလိုမြင့်တက် လာတာက မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းထားလို့ နိုင်ငံရေးမတည်ငြိမ်တာ၊ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေး မြင့်တက်လာတာတွေကြောင့်ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

လတ်တလောအခြေအနေအရ ပြည်တွင်းလုပ်ငန်းတွေပုံမှန်မလည်ပတ်နိုင်ခင် ရွှေဝယ်ယူစု ဆောင်းမှုတွေ များလာပြီး လုပ်ငန်းတွေ ပုံမုန်အတိုင်းလည်ပတ်လာနိုင်ရင်တော့ ရွှေဈေးပြန်လည် ကျဆင်းသွားနိုင်တယ်လို့လည်း ရွှေလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်းမှာ ရွှေဈေးက တစ်ကျပ်သားကိုကျပ် တစ်သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲနှုန်းကလည်း  အရင်ကထက် တစ်ဒေါ်လာကို ၂၇၀ ကျပ်ဝန်းကျင် ထိမြင့်တက်ခဲ့ပြီး လက်ရှိ ပြင်ပငွေကြေးဈေးကွက်မှာ ၁ ဒေါ်လာ ပေါက်ဈေးက ကျပ် ၁၆၀၀ ကျော်ရှိနေပါတယ်။

7 months Ago
Up