မြန်မာ့ရုပ်ရှင်ရာပြည့်

October 12, 2020

ကိုဗစ်-၁၉ ကြောင့် မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲတော်ကို အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် ကျင်းပမည်

မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ခုနှစ်က ဦးထွန်းရှိန် (ဝိုင်အမ် ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ်လွင်အောင် ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံကြီးတွေမှာ လူထု ပရိသတ်နဲ့ ခမ်းခမ်းနားနား မကျင်းပနိုင်တော့ပဲ အွန်လိုင်းရုပ်ရှင်ပွဲတော်အနေနဲ့ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။ လတ်တလောမှာတော့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြား ကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေတာတွေ၊ ဉာဏ်စမ်းပဟေဠိအစီအစဉ်တွေ၊ ရုပ်ရှင် ဇာတ်လမ်းတိုပြိုင်ပွဲတွေအပါအဝင် တခြားလှုပ်ရှားမှုတွေလည်း လုပ်ဆောင်နေပါတယ်။ မြန်မာ့ရုပ်ရှင်ရာပြည့်ဝက်ဘ်ဆိုက်ဒ်-https://www.myanmarfilm100anniversary.com.mm/ နဲ့ Myanmar Film 100th Anniversary အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကိုလည်း ဖွင့်လှစ်ထားခဲ့ပြီး အချိန်နဲ့ တပြေးညီ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အွန်လိုင်းရုပ်ရှင်ပွဲတော်မှာတော့  Mahar နဲ့ Cookie တို့လို မိုဘိုင်းအပလီကေးရှင်း တွေကတဆင့် မြန်မာရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာကို လာမယ့် အောက်တို ဘာလ ၃၁ ရက်နေ့အထိ အခမဲ့ ကြည့်ရှုနိုင်မယ့်အစီအစဉ်တွေပါဝင်မှာဖြစ်သလို ပြည်တွင်းရုပ်သံလိုင်းတွေ ကလည်း မြန်မာ့ရုပ်ရှင်ကားကောင်းတွေကို ထုတ်လွှင့်ပြသနေကာ တခြား ထူးခြားတဲ့ အစီအစဉ်တွေ ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ရာပြည့်အထိမ်းအမှတ်အနေနဲ့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကိုလည်း ပြန်လည်မွမ်းမံမှုတွေနဲ့ အချိန်နှစ် ၁၀၀ ကာလအတွင်း ထင်ရှားအောင်မြင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း ပြသထားခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းကတော့ နှစ် ၁၀၀ ပြည့်ပွဲတော်နဲ့အတူ နှစ်စဉ်ကျင်းပနေကျ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကိုပါ တပြိုင်တည်း ခမ်းခမ်းနားနား ကျင်းပဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေ မယ့်  ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် လတ်တလောမှာတော့ ရွှေ့ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး လတ်တလောမှာတော့ ရခိုင်ပြည်နယ်က တကျော့ပြန် ကူးစက်မှု တွေနဲ့အတူ ရောဂါပိုးတွေ့လူနာတွေ၊ သေဆုံးမှုတွေ မြင့်တက်လာနေခဲ့တာမို့ ကျောင်းတွေ၊ စက်ရုံအလုပ်ရုံတွေအပါအဝင် ရုပ်ရှင်ရုံတွေ၊ ရိုက်ကူးရေး လုပ်ငန်းတွေကိုပါ လနဲ့ချီ ရပ်ဆိုင်းထားခဲ့ ရတာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အောက်တိုဘာ လ ၁၁ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ် -၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၇,၉၇၄ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၆၄၆ ယောက် ရှိနေပါတယ်။
11 months Ago

October 10, 2020

ကျော်ဟိန်း သီချင်းကို ချစ်ကောင်း သီဆိုဟန်ဖြင့် ရှုစားနားဆင်ကြရမည့် ကျော်ကြားရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)

“ဘယ်ကိုလဲ… မေးခွန်းများရဲ့ အဖြေဟာ တိကျ… ငါဟာ ယောကျ်ား…  လူသားတဦးပါ… သွားရမယ့်လမ်းရဲ့ရှေ့က ရည်မှန်းချက်… ငါသွားမယ်… မတားနဲ့… မတား နဲ့… ငါ့ခရီးလမ်းကို ပိတ်ကာရပ်မထားနဲ့… ငါဒီလမ်းအဆုံးအထိ… ဘယ်လိုတားတား မမှုဘူး… လာမတားနဲ့… မတားနဲ့… မတားနဲ့… မတားနဲ့… ငါ့နှလုံးသားက ဒီဆုံးဖြတ်ချက်တို့ မစွန့်လွှတ်… ကျော်ဖြတ်ဖို့ သတ္တိအပြည့်အဝနဲ့… ရင်ဆိုင်ဖို့အတွက် အကုန်လုံး အဆင်သင့်… အောင်မြင်ရမယ်” ဒါကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားကြီး ကျော်ဟိန်းရဲ့ သီဆိုအောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “သွားမယ်မတားနဲ့” သီချင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲမှာ ဝါရင့်အဆိုတော် ချစ်ကောင်းက ပြန်လည်သီဆို ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ တေးရေး မောင်သစ်မင်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး “လွမ်းနေမယ် မမ” ရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်တေးတပုဒ်အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြနန္ဒာ ရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၈၆-၁၉၈၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “လွမ်းနေ မယ်မမ” ရုပ်ရှင်ကိုတော့ ဒါရိုက်တာဦးတင်ယုက တာဝန်ယူရိုက်ကူးခဲ့ပြီး နာမည်ကြီး သရုပ်‌ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ ဇော်ကြီး၊ ဦးမြင့်နိုင်တို့က ပါဝင်ထားခဲ့ကြပါတယ်။ “ကိုယ်တိုင်ရေးပုံတူ”၊ “ဘဝရဲ့လင်္ကာ”၊ “အလှည့်”၊ “အိပ်မက်ကုန်သည်”၊ “တစ် ယောက်တည်းလား” စတဲ့ တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေတွေ၊ ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုခဲ့တဲ့ ချစ်ကောင်းရဲ့ သီချင်းကတော့ အခုအချိန်ထိတိုင်အောင် ရေပန်းစားနေဆဲ သီချင်းတွေ ဖြစ်ပါတယ်။ ခုတခါ “သွားမယ်မတားနဲ့” သီချင်းနဲ့ သူ့ရဲ့ သီဆိုဖျော်ဖြေဟန်ဟာလည်း ဆန်းသစ် လတ်ဆတ်နေဆဲ ဖြစ်တာကို ပရိသတ်တွေက တကျော့ပြန် ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဝါရင့်နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ M ဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပပသိန်းတန်တို့က ဖျော်ဖြေသွားခဲကြပါတယ်။
11 months Ago

မြန်မာအိုင်ဒေါစတား ပိုးမီ သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး - “တို့ကပိုလှတယ်”(ရုပ်သံ)

မနေ့ညက နောက်ဆုံးသီတင်းပတ်အဖြစ် ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲမှာတော့ မြန်မာအိုင်ဒေါစတား တေးသံရှင် ပိုးမီကလည်း ပါဝင်ဖျော်ဖြေသွားခဲ့ပါတယ်။ သူ သီဆိုဖျော်ဖြေခဲ့တဲ့ သီချင်းကတော့ “တို့ကပိုလှတယ်” သီချင်းဖြစ်ပြီး တေးရေး စန္ဒရားလှထွဋ်က ရေးစပ်ပေးထားခဲ့ပြီး တေးသံရှင် နွဲ့ယဉ်ဝင်းက မူရင်းသီဆိုထားခဲ့ကာ “ကျနော်နဲ့ကိုဘကျော်” ရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်တေးတပုဒ်အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ “ကျနော်နဲ့ ကိုဘကျော်” ရုပ်ရှင်ကိုတော့ ၁၉၇၅ ခုနှစ်က မန်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည် ကျော် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ကောလိပ်ဂျင်နေဝင်း၊ ကျော်ဆွေ၊ တင်တင်ညို၊ ဇော်ဝမ်း၊ စံရှားတင်တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ၁၉၇၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုရရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ခုတခါမှာတော့ ဒီရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးကို မျိုးဆက်သစ်အဆိုတော် ပိုးမီရဲ့ သီဆိုမှုနဲ့အတူ ပရိသတ်တွေက တကျော့ပြန်ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပိုးမီဟာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုရရှိခဲ့တဲ့ သားငယ်၊ ဘီလီလမင်းအေးတို့နဲ့အတူ Top 3 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးသွားခဲ့ချိန်မှာလည်း ပိုးမီကို အားပေးတဲ့ ပရိသတ်တွေ ရှိနေခဲ့ကြပြီး သူ့ရဲ့ ကိုယ်ပိုင်သီချင်းတပုဒ်ဖြစ်တဲ့ “အလိုက်တသိ” သီချင်းနဲ့ လူသိများလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပိုးမီက “နောက်ထပ်… တစ်ယောက်မရှိ” အမည်တဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကတော့ ပိုးမီရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းသစ်တပုဒ် ဖြစ်တဲ့ “ဒါပေမယ့်… ချစ်တယ်” လို့ အမည်ပေးထားတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိထားပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဝါရင့်နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ Mဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပပသိန်းတန်တို့က ဖျော်ဖြေသွားခဲ့ကြပါတယ်။
11 months Ago

ဖြိုးကြီး သီဆိုထားသည့် “အချစ်ချောင်းလေးခြားမှာစိုးတယ်” ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)

“ငလီသောင်ယံမှာကွယ် ခရုလေးများတခုစီကောက်သလို… တွယ်တာကြင်နာတာတွေ သူရွေးလို့ပြောတယ်အချစ်ရယ်… ကိုကိုမောင်မောင်ခေါ်တယ်… စကားပြောကောင်း သူလေးရယ်… မှုန်နံ့သာတွေကိုသူခြယ်… မိန်းမချောလေးရယ်ချစ်တယ်” ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး ထင်ရှားခဲ့တဲ့ တချိန်က ရုပ်ရှင် ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ “အချစ်ချောင်းလေးခြားမှာစိုးတယ်”ကို ပြန်လည်ပြီးတော့ အမှတ်ရမိကြမယ် ထင်ပါတယ်။ ဒီသီချင်းကိုတော့ အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲမှာ အဆိုတော် ဖြိုးကြီးက သီဆိုဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ ၁၉၇၆ ခုနှစ်က ပြည့်စုံရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ “ဖြေ နိုင်ပေါင်” ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး တေးရေး ဟင်္သာတ မြင့်ငွေက ရေးဖွဲ့ပေးထားခဲ့ကာ မူရင်းအဆိုရှင် မိုးမင်းဝင်းက သီဆိုထားတာပါ။ “ဖြေနိုင်ပေါင်” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ ပြည့်စုံက ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ် ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ သန်းထွဋ်၊ ကျော်နိုင်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ “မိုးနဲ့မြေဆုံးထိတိုင် တူယှဉ်ကာလည်မယ်ကွယ်… တွဲလက်မဖြုတ်တမ်း ချစ်မယ် … မြတ်ဘုရားရှေ့မှာတိုင်တည်… ဝေးသွားမှာစိုးကြောက်တယ်... အတူနေချင်ပါပြီကွယ် … သီးခြားကမ္ဘာလေးထဲမှာ နေမယ်ကွယ်ရာသက်လုံး” ခုတခါမှာတော့ ဒီသီချင်းကို တေးရေး ဟင်္သာတမြင့်ငွေရဲ့ ရင်သွေးမျိုးဆက်အဆိုတော် ဖြိုးကြီးရဲ့ ခံစားသီဆိုဟန်နဲ့ တမူထူးခြားတဲ့ သီချင်းတပုဒ်အနေနဲ့ မြူးမြူးကြွကြွ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “ကိန္နရီမောင်နှံလိုကွယ် အချစ်ချောင်းလေးခြားမှာစိုးတယ်… လိမ်တာညာတာ မပါတယ်... နှလုံးသားသက်သေပြုမယ်... ပင်လယ်ရေပြင်ကိုကွယ်... မေခိုင်းရင် ဖြတ်ကာ ကူးမယ်... မေခလာမကယ်ရင်နေကွယ်... ချစ်သည်းအတွက်အသက်ကိုစွန့်မယ်… အပြုံး ပန်းတရာပန်းပွင့်တယ်... ငွေစန္ဒာသာသလိုနှယ်… အလှပတွေပေါင်းစုရာ... တကမ္ဘာလုံး အလှနဲ့ပြိုင်မယ်... ရွှန်းလဲ့မျက်လုံးလေးရယ်... မြင်သူတကာရင်ကိုကွယ်... သူ့အလှမှာပဲ ငြိတွယ် မေဘရဏီပြိုင်ရင်ရှုံး” အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဝါရင့်နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ M ဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပပသိန်းတန်တို့က ဖျော်ဖြေသွားခဲ့ကြပါတယ်။
11 months Ago
More News
Up