မြန်မာ့မီးရထားညွန်မှူး

September 22, 2021

မြန်မာ့မီးရထားညွှန်မှူးအဖြစ် အရပ်သားပညာရှင်ကို အနားပေးပြီး စစ်ဘက်က ပြောင်းလာသူကို ခန့်အပ်

မြန်မာ့မီးရထား၊ ဦးဆောင်ညွန်ကြားရေးမှူးအဖြစ် သူရဦးအောင်မျိုးမြင့်ကို အစမ်းခန့်ထား လိုက်ကြောင်း စက်တင်ဘာ ၂၂ ရက် ဒီကနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာ မှာဖော်ပြပါတယ်။

ဦးဆောင်ညွန်ကြားရေးမှူးအသစ်ဖြစ်လာတဲ့ သူရဦးအောင်မျိုးမြင့်မှာ စစ်တပ်ဘက်ကနေ ​​မြန်မာ မီးရထားဌာနသို့ ကူးပြောင်းရောက်ရှိလာတာကြာပြီလို့ သိရပါတယ်။

အရင် မြန်မာ့မီးရထားဦးဆောင်ညွန်ကြားရေးမှူးတာဝန်ကို အရပ်သားပညာရှင်ဦးဘမြင့်က တာဝန်ထမ်းဆောင်ခဲ့တာပါ။ 

ဦးဘမြင့်မတိုင်ခင် ဦးဆောင်ညွန်ကြားရေးမှူးတာဝန်ကို စစ်တပ်ဘက်က ရွှေ့ပြောင်းလာသူတွေ ကသာ ဆက်တိုက်တာဝန်ယူခဲ့ပြီး အခု စစ်အာဏာသိမ်းပြီးနောက် တပ်ဖက်က ကူးပြောင်းလာသူ တစ်ဦး ပြန်လည်ခန့်အပ်တာလို့  အရပ်သား ရထားဝန်ထမ်း တချို့က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီး မကြာခင် အာဏာသိမ်းစစ်ခေါင်းဆောင်မှ ရထားစီးနင်းစစ်ဆေးစဥ် ဦးဘမြင့်က ရိုကျိုးတဲ့ အမူအရာနဲ့ ဆက်ဆံရှင်း​ပြ​နေတဲ့ပုံတွေ လူမူကွန်ရက်မှာ ထွက်လာပြီးနောက် ရထားဝန်ထမ်း အသိုင်းအဝိုင်းအကြား ဝေဖန်တာတွေ အပြင်းအထန်ထွက်ပေါ်ခဲ့ပါတယ်။ 

အဲဒီ့နောက် ဦးဘမြင့်မှာ လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့ပြီး အခုရာထူးအပြောင်းအလဲမှာ ပင်စင်ယူသွားတာကြောင့်ဖြစ်တယ်လို့ ရထားအရာရှိတစ်ဦးက ဆိုပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ နိုင်ငံတဝန်းလှည့်လည်ပြီး  မြေအောက်ရထားတွေ၊ လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့  တစိုက်မတ်မတ် ကြွားဝါပြောဆိုနေပြီးနောက် ခုလို ရထားဌာနအကြီးအကဲ အပြောင်းအလဲရှိလာတာ ဖြစ်ပါတယ်။

2 years Ago
Up