မြန်မာ့နွေဦး

June 10, 2021

ကိုရီးယားရောက် ကရင်တိုင်းရင်းသူအဆိုတော် “မြန်မာ့နွေဦး” သီချင်းသစ် ဖြန့်ချိ

တောင်ကိုရီးယားနိုင်ငံရောက် အသက် ၁၃ နှစ်အရွယ် ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါး (Wanyiwah )  မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကို ဝေမျှဖို့ “ မြန်မာ့နွေဦး” သီချင်းသစ်တစ်ပုဒ်ကို  သီဆို ဖြန့်ချိထားပါတယ်။ 

ပန်းပွင့်တွေထဲ တော်လှန်ရေးသင်္ကေတ လက်ချောင်း ၃ ချောင်းတွေ ဖူးပွင့်လာမလား ဆိုတဲ့ စာသားပါတဲ့  မြန်မာ့နွေဦးသီချင်းကိုဆိုရင်း မြန်မာနိုင်ငံက သူငယ်ချင်းတွေရဲ့ လတ်တလော ပင်ပန်းခက်ခဲပြီး ကြောက်စရာကောင်းတဲ့ နွေဦးရာသီကို ဖြတ်သန်းနေရပြီး မကြာခင်မှာ အကြောက်တရားမရှိ ပျော်ရွှင်စရာနွေဦးရာသီ ရောက်လာဖို့ မျှော်လင့်နေပါတယ်လို့  နော်မာသာထူးဝါးက သူ့ခံစားချက်တွေ မျှဝေထားပါတယ်။

နော်မာသာထူးဝါးရဲ့ မိဘတွေဟာ မြန်မာနိုင်ငံမှာနေချိန်တုန်းက တိုင်းရင်းသားလူနည်းစုတွေ အပေါ် ဖိနှိပ်ခံရတာနေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ အခြေချခဲ့ပါတယ်။ 

သူ့ရဲ့ဖခင် ကွယ်လွန်သွားပြီးနောက်မှာ ငွေကြေးချို့တဲ့နွမ်းပါးတဲ့ ကလေး ၃ ယောက်မိခင် ဟာ တောင်ကိုရီးယားနိုင်ငံကို သွားဖို့ဆုံးဖြတ်ခဲ့ပြီး သီချင်းဆို ဝါသနာကြီးလှတဲ့ နော်မာသာထူးဝါး အတွက် အခွင့်အရေးပိုကောင်းဖို့ မျှော်လင့်ခဲ့တာပါ။

နော်မာသာထူးဝါးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လူကြိုက်များတဲ့ တေးဂီတပွဲတခုမှာ ပါဝင်လာပြီးနောက်မှာ တစ်နိုင်ငံလုံးက အာရုံစိုက်ခံခဲ့ရပါတယ်။

သူသီဆိုထားတဲ့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ဟာလည်း ယူကျုမှာ ပေါက်သွားခဲ့ပြီး  မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေလည်း မြင့်တက်လာကာ  ဂီတနဲ့ ကေပေါ့ပ်ဘက်မှာ နာမည်ကြီးပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အများဆုံးသော ပရိသတ်တွေက မြန်မာနိုင်ငံက ဖြစ်ပြီးသူ့ကို တောင်ကိုရီးယားမှာ ကျော်ကြားတဲ့ အဆိုတော်တယောက်ဖြစ်လာဖို့ ဝိုင်းဝန်းမျှော်မှန်းထားကြပါတယ်။ 

နော်မာသာထူးဝါးရဲ့ ဂီတနည်းပြဆရာ Lee Kyung-ja ကလည်း တပည့်ဖြစ်သူအတွက် အများကြီး မျှော်လင့်ထားပါတယ်။ နော်မာသာထူးဝါးဟာ အဆိုတော်တယောက် ဖြစ်လာဖို့တင်မက တောင်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံ ကိုယ်စားပြုသူအဖြစ်နဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တယောက် ဖြစ်ချင်တယ်လို့လည်း ပြောပါတယ်။

Ref- Arirang

7 months Ago
Up