မြန်မာ့ဒီမိုကရေစီအရေး

October 20, 2021

ဗြိတိန်သံရုံးတာဝန်ခံသီတင်းကျွတ်ဆုတောင်း၊ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးမည်ဟုဆို

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီ တာဝန်ခံ ရူရစ်ခ်မာစ်ဒန်က အောက်တိုဘာ ၂၀ ရက် ဒီကနေ့ကျရောက်တဲ့ သီတင်းကျွတ် လပြည့်နေ့မှာ မြန်မာလိုရေးသားပြီး ဆုတောင်းစကားပြောကြားလိုက်ပြီး မြန်မာ့ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေးအတွက် ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

“သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူတွေအားလုံး ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး ဒီမိုကရေစီဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်၀င်ရေးအတွက် ကျွန်တော်တို့ယူကေအစိုးရက  ဆက် လက်ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကတော့ သိပ်မကြာခင်ကလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်း တိုင်းတို့မှာ မြန်မာစစ်တပ်က စစ်အင်အားဆက်လက်တိုးမြှင့်နေမှုနဲ့ တိုက်ပွဲသတင်းတွေ ကို ယူကေအစိုးရက အနီးကပ်စောင့်ကြည့်နေပြီး အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့  ထုတ်ပြန်ထားခဲ့တာပါ။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ကြီးမားတဲ့ ထိုးစစ်ဆင်မှုဟာ လူမှုအသိုက်အ၀န်းနဲ့ သူတို့ရဲ့ သက်မွေး၀မ်းကြောင်းလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့ ၀တ်ပြုရာနေရာတွေ ထိခိုက်စေနိုင်တာကို စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ အဲဒီလို ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားနိုင်ရေအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားနဲ့အတူ အနီးကပ်ဆက်လက် လုပ်ကိုင်သွားမယ်လို့ လည်း ဗြိတိန်သံရုံးက ထုတ်ပြန်ထားပါတယ်။

3 months Ago
Up