မြန်မာ့စီးပွားရေးအနာဂတ်

August 15, 2021

စစ်အုပ်ချုပ်ရေး၊ ယိုင်နဲ့ဘဏ်လုပ်ငန်းနှင့် မြန်မာ့စီးပွားရေးအနာဂတ်

မြန်မာဘဏ်များနှင့် အများပြည်သူယုံကြည်မှု

ဘောဂဗေဒ အခြေခံသီအိုရီသဘောအရ နိုင်ငံရေး မတည်ငြိမ်ရင် စီးပွားရေးလည်း မပြေလည်ဘူးလို့ ဆိုကြပါတယ်။ ဒီနေရာမှာ စီးပွားရေးလုပ်ဖို့အတွက် ငွေရေး ကြေးရေးကဏ္ဍက အခရာ ကျပါတယ်။ ဒါကြောင့်ပဲ ငွေရေးကြေးရေးကဏ္ဍအတွက် ဝန်ဆောင်မှုပေးဖို့ ဘဏ်လုပ်ငန်းနယ်ပယ်မှာ အစိုးရ ဘဏ်၊ ပုဂ္ဂလိကဘဏ်နဲ့ နိုင်ငံခြားသားဘဏ် ဆိုပြီးအသီးသီး ရှိလာကြပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အစိုးရဘဏ် ၄ ခု ရှိပြီး ပုဂ္ဂလိကဘဏ် ၂၇ ခု၊ နိုင်ငံခြားဘဏ်ခွဲ ၁၇ ခု နဲ့ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲ ၃၅ ခုရှိပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်တွင်းဘဏ်တွေအပေါ် ငွေကြေးစုဆောင်းသူတွေက ယုံကြည်မှု ရှိပါရဲ့လား။ အကြောင်းက စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မ မတရားသိမ်းပိုက်လိုက်ပြီးနောက် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ် စနစ်တခုတည်းသာ ထိန်းချုပ်ခဲ့တာ မဟုတ်ပဲ ငွေကြေးစနစ်ကို တာဝန်ယူဆောင်ရွက်ရတဲ့ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ လုပ်ငန်းတာဝန်တွေကိုပါ ဖျက်ဆီးခဲ့လို့ဖြစ်ပါတယ်။

နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ ပုံစံက နိုင်ငံတော်ဗဟိုဘဏ်ဆိုတာ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းပါ။ ဒါကြောင့် ဘယ်အစိုးရတက်တက် ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝပေးထားပါတယ်။ အနီးစပ်ဆုံးပြောရရင် ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့အကြိမ်အရေအတွက်က မြန်မာနိုင်ငံထက်ပိုများပေမယ့် ငွေကြေးစနစ်အပေါ် ထိုင်းစစ်တပ်က ဝင်ရောက်စွက်ဖက်မှု မရှိပါဘူး။ အုပ်ချုပ်ရေးအာဏာကိုသာ ယူတာပါ။ မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းလိုက်တိုင်း တိုင်းပြည်မှာရှိတဲ့ အင်စတီကျူးရှင်းတွေ အကုန်လုံးကို ဖျက်ဆီးပြစ်ခဲ့တာကို အတိတ်က ဖြစ်စဉ်တွေ မှာ ကြည့်ရင် မြင်နိုင်ပါတယ်။

ဆိုတော့ ဘဏ်အပေါ် ပြည်သူလူထုက အယုံအကြည် မရှိတာလား၊ အာဏာသိမ်းစစ်တပ်ကို မယုံကြည်တာလားလို့ ပြန်လည်ဆန်းစစ်မေးခွန်းထုတ်စရာရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က “အဓိကပြဿနာက စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးချိန်မှာ သူတို့ရဲ့ဆောင်ရွက်ချက်တွေကြောင့် ပေါ့လေ၊ ပြည်သူလူထုက ဘဏ်တွေအပေါ်မှာထားတဲ့ ယုံကြည်မှု ပျက်ပြားသွားတာပဲဗျ၊ ဒီလိုယုံကြည်မှု ပျက်ပြားသွားစေတဲ့ အဓိက တရားခံကတော့ စစ်ကောင်စီပဲ ဖြစ်ပါတယ်၊ အခု ဘဏ်တွေကနေ မက်လုံးပေးပြီးတော့ ခေါ်နေတာတွေ ရှိပါတယ်၊ Special Account လို့လည်း ခေါ်တယ်၊ Flexible Account လို့လည်း ခေါ်တယ်၊ လာအပ်ကြပါ။ ဒီအကောင့်ထဲထည့်ထားတဲ့ပိုက်ဆံကို အတိုးပေးပါ့မယ်။ ရက်နဲ့တွက်ပြီး ပေးပါ့မယ်၊ တချို့လည်း ၆ ရာခိုင်နှုန်းပေးတယ်၊ တချို့လည်း ၈ ရာခိုင်နှုန်းပေးမယ် အပြိုင်အဆိုင် ဖိတ်ခေါ်နေကြတယ်။ သူတို့က လက်ထဲမှာ ငွေသားမရှိတော့တဲ့အခါကျတော့ ဒါတွေကတော့ အပြိုင်အဆိုင် တစ်ဘဏ်နဲ့တစ်ဘဏ် ဖိတ်ခေါ်နေမှာပဲ၊ ဒါပေမဲ့ ပြည်သူက ရှေ့မှာ သူတို့ယုံကြည်စွာ အပ်နှံထားတဲ့ ပိုက်ဆံတွေတောင် သူတို့ ထုတ်လို့မရဘူး၊ ခုတခါ စစ်ကောင်စီရဲ့ လက်ပါးစေ ဗဟိုဘဏ်က ညွှန်ကြားလို့ဆိုပြီး ပြည်သူက ဒီတစ်ခေါက်ယုံကြည်ပြီး သွားအပ်လိုက်ပြီဆိုပါစို့၊ ဗဟိုဘဏ်က ထုတ်မပေးတော့ ပါဘူးဆိုပြီး ကြေညာလိုက်ရင် ဘယ်လိုလုပ်မလဲ၊ ဘယ်သူတာဝန်ယူမလဲ” ဆိုပြီး ထောက်ပြပြောပါတယ်။

ပြည်ပရောက် ငွေရေးကြေးရေးဆိုင်ရာ သုတေသီတဦးကလည်း “အမှန်တကယ်ဆိုရင် ငွေကြေး စီးဆင်းမှုကို ဗဟိုဘဏ်က ဖြည့်ဆည်းပေးရမှာ။ တခြားနိုင်ငံတွေမှာလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဖြည့်ဆည်းပေးတယ်။ ဒီမှာ မေးစရာရှိတာ ဗဟိုဘဏ်မှာ ငွေသား မရှိတော့လို့လားပေါ့။ ကြည့်ရတာကတော့ ဗဟိုဘဏ်မှာ ငွေသားကျပ်နေတဲ့ သဘောရှိတယ်။ အရင်တုန်းကတော့ ငွေသားလိုအပ်ရင် ရိုက်ထုတ်ပြီးတော့ ရှင်းတယ်လေ။ တကယ်လို့ ငွေသားရိုက်ထုတ်မယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှုက ရှိလာမယ်။ အခု မရိုက်ထုတ်သေးလို့ဘဲ ငွေသားစီးဆင်းမှုကို ထိန်းနေလားဆိုပြီး စဉ်းစားစရာရှိတယ်။ နောက်တချက်က တကယ်လို့ ပိုက်ဆံ ရိုက်မထုတ်ချင်ဘူးဆိုရင် ပုံမှန်အားဖြင့် ပြည်ပကနေ ငွေချေးလို့ရပါတယ်။ အာရှဘဏ်၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့အစည်းတွေကနေ (Official Development Assistance) ODA Loans ဆိုပြီး ငွေချေးလို့ရတယ်။ ဒါပေမဲ့ အခုအခြေအနေက စစ်အုပ်ချုပ်ရေးဖြစ်လို့ အဲ့လိုချေးဖို့က မရနိုင်ဘူး။ ဆိုတော့ ဒီအကျပ်အတည်းကြောင့် ပြည်သူတွေက စစ်အစိုးရ ရှိနေသမျှကာလပတ်လုံး ဘဏ်တွေ အပေါ်မှာ အယုံအကြည် ရှိမှာ မဟုတ်တော့ဘူး။  အဲဒီတော့ ဘဏ်အပေါ်မှာ ယုံကြည်မှု ပျက်ပြားတာထက် အစိုးရပေါ်မှာ ယုံကြည်မှု ပျက်ပြားတာက အဓိက ကျပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်ကတော့  "ပြည်သူလူထုကနေ ဝိုင်းဝန်းပြီးတော့ ဘဏ်စနစ်တွေ လည်ပတ်လာအောင် တစ်ယောက်ချင်းစီ လုပ်နိုင်ပါတယ်။ အပ်နှံသူတွေဟာ ငွေသားကို ယုံကြည်စွာနဲ့အပ်နှံပါ။ ကျနော်တို့ ဘက်ကလည်း အပ်နှံမှုကို အဆင်ပြေချောမွေ့ အောင် ဘဏ်တွေကို ကြပ်မတ်ပေးသွားပါမယ်။ ငွေထုတ်ယူသူတွေလည်း မိမိလိုအပ်ချက်ရှိသလောက်ပဲ ထုတ်ပါ။ ဘဏ်စာရင်းအဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဘဏ်မှာ ဖွင့်ထားတဲ့ မည်သည့်ငွေစာရင်းမှာရှိတဲ့ ငွေတွေသည် ဆုံးရှုံးနိုင်စရာမရှိတဲ့အတွက်ကြောင့် ဒီကိစ္စတွေကို ကျနော့် အနေနဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့ တင်ပြလိုပါတယ်" လို့ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ  ပြောဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက် နိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်တဲ့ ၂၀၁၈-၁၉ နှစ်ချုပ်အစီရင်ခံစာအရနိုင်ငံမှာ စီးပွားရေး စနစ်အတွင်းရှိ အမှန်တကယ်လှည့်လည်သုံးစွဲတဲ့ငွေကြေးက (၂၀၁၇ စက်တင်ဘာ) ကျပ်သန်းပေါင်း ၉,၉,၇၃,၁၅၂ ၊ (၂၀၁၈ စက်တင်ဘာ) ကျပ်သန်းပေါင်း ၁၁,၅,၀၄,၂၇၉ ၊ (၂၀၁၉ စက်တင်ဘာ) ကျပ်သန်း ပေါင်း ၁၃,၀,၆၃,၃၈၄ ရှိတာကြောင့် ငွေကြေးလှည့်လည်သုံးစွဲမှုက နှစ်စဉ်မြင့်တက်နေတာ တွေ့ရပါတယ်။

တခါ မတူညီတဲ့ ချဉ်းကပ်မှုလမ်းကြောင်းနဲ့ စဉ်းစားစရာရှိတာက လက်ရှိ အာဏာသိမ်းစစ်ကောင်စီက  ပြည်သူတွေ အလွယ်တကူ ငွေသားထုတ်ယူလို့ မရအောင် တမင် စီစဉ်ထားတာလား ဆိုတဲ့အချက်ပါ။

လက်တွေ့မှာလည်း စစ်ကောင်စီက NUG အစိုးရထံ ပြည်သူတွေ လှူဒါန်းတဲ့ငွေတွေ ဝင်ရောက်မသွားဖို့ ထိန်းချုပ်ကန့်သတ်ဖို့ကြိုးစားတာရှိနေသလို မကြာသေးခင်ပဲ   (CDM) အာဏာဖီဆန်လှုပ်ရှားမှုမှာပါဝင်တဲ့သူတွေပို ကူညီထောက်ပံ့ဖို့အလှူခံတဲ့ Bank account တချို့နဲ့ Wave money account တချို့ကို ထိန်းချုပ်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော်ဗဟိုဘဏ်က ငွေသားထုတ်ယူမှုနဲ့ပတ်သတ်ပြီး ပုဂ္ဂလိကဘဏ်တွေမှာ လူတဦးလျှင် တပတ်ကို အများဆုံး ကျပ် ၅ သိန်း နှုန်း နဲ့ ATM စက်ကတဆင့်ဆိုရင် အများဆုံး ကျပ် ၂ သိန်း နှုန်း ထုတ်ယူနိုင်ကြောင်း သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဒီသတ်မှတ်ထားတဲ့ ပမာဏကို လူတိုင်း အလွယ်တကူ ထုတ်လို့ မရပါဘူး။

“ကျနော့် လစာထဲက ငွေလေး နည်းနည်းထုတ်ဖို့ ဘဏ်က သတ်မှတ်ထားတဲ့အတိုင်း ဖုန်းနဲ့ လှမ်းချိတ်နေတာ တောက်လျှောက်ပဲ။ ဒီကနေ့ဆိုရင် ၂ ရက်ကုန်ပြီ။ ဆက်လိုက်တဲ့အခါတိုင်း ဖုန်းက မအားဘူး ဆိုတာပဲ ဖြေနေတယ်။ ATM စက်က ထုတ်ဖို့ကလည်း စက်တွေသာ များတာ။ စက်တိုင်းမှာ ပိုက်ဆံမရှိဘူး။ ပိုက်ဆံရှိတဲ့ စက်ကျတော့ လူက တန်းစီနေတာ။ ကိုယ့်အလှည့်တောင် မရောက်ဘူး။ ငွေက ကုန်သွားတာ။ ကျန်းမာရေးအတွက် သေရေးရှင်ရေးလိုပြီဆိုရင် လူသာ အရင်သေသွားမယ်။ ငွေက ထုတ်လို့ ရမှာ မဟုတ်ဘူး”လို့ လခစာဝန်ထမ်းတဦးက မခံချိမခံသာ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ရာခိုင်နှုန်း တခု  (၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုန်နှုန်းအထိ) ပေးပြီး မိမိ စုဆောင်းထားရှိတဲ့ ငွေကြေးကို ပြန်လည်ထုတ်ယူနိုင်တဲ့ စျေးကွက်က စစ်တပ်အာဏာသိမ်းပြီးနောက် ကြီးထွားလို့ လာပါတယ်။ နိုင်ငံတော်ဗဟိုဘဏ် အပါအဝင် အာဏာသိမ်းအစိုးရကတော့ ဒီစျေးကွက်ကြီး အကြောင်းကို မသိကျိုးကျွံပြုထားပါတယ်။

ယိုင်နဲ့နေတဲ့ ဘဏ်လုပ်ငန်း

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ချေးငွေပေါ်လစီအရ ဘဏ်တွေကတဆင့် ငွေချေးမယ်ဆိုရင် အတင်းအကျပ်ရောင်းစျေးရဲ့ ၄၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်းအထိသာ ထုတ်ချေးတာပါ။ ဒီနေရာမှာ အတင်းအကျပ်ရောင်းစျေးကိုတွက်တဲ့အခါ အမှန်တကယ်ကာလပေါက်စျေး (Market Price) ရဲ့ ၈၀ ရာခိုင်နှုန်းကိုသာ ယူပါတယ်။ ဒါပေမဲ့ ဘဏ်က သူသတ်မှတ်ထားတဲ့ ၈၀ ရာခိုင်နှုန်းကိုပေးတာမဟုတ်ဘူး။ အမှန်တကယ်ချေးတဲ့အခါ ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းကြားသာ ပေးတာပါ။ ဒါက နိုင်ငံကာ မှာ ဒီစနစ်ကို မကျင့်သုံးပေမဲ့  မြန်မာနိုင်ငံမှာတော့ ဘဏ်တွေ စွန့်စားရမှုနည်းအောင် စီမံထားတာပါ။

ဒါပေမဲ့ ပုဂ္ဂလိကဘဏ်တွေဟာ ဗဟိုဘဏ်က ချမှတ်ထားတဲ့ ချေးငွေအပေါ် လိုက်နာရမယ့် စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တဲ့ ရလဒ်ကြောင့် ဘဏ်တော်တော်များရဲ့အခြေအနေဟာ ကိုဗစ်မတိုင်ခင်ကတည်းက ယိုင်နဲ့လို့နေတာတွေ့ရပါတယ်။ အကြောင်းရင်းက သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ပုဂ္ဂလိကဘဏ်တွေမှာ အတိုးနဲ့ အရင်းပြန်မဆပ်နိုင်တဲ့ချေးငွေတွေဟာ ဝန်ပိလို့ နေပါတယ်။ အဲဒီလို အကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့ကာလမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ဘဏ်တွေဟာ တပူပေါ် နှစ်ပူ ဆင့်လို့ လာပါတော့တယ်။

ပြည်ပရောက်မြန်မာနိုင်ငံသား စီးပွားရေးသုတေသီတဦးက “ကိုဗစ် မတိုင်ခင်ကတည်းက ဘဏ်တွေဟာ ကိုယ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို ချေးထားတာတွေ ရှိတယ်။ အဲဒီချေးထားတဲ့ဟာ တွေကလည်း ချေးရမယ့်ပမာဏထက် ပိုပြီးချေးထားတွေ ဖြစ်နေတယ်။ ပြီးတော့ ချေးထားတဲ့ဟာတွေက ကြွေးဆုံးဖြစ်နေတ်မျိုးတွေ ရှိနေတယ်။ အမှန်တကယ်ဆိုရင် ဒါတွေက ဗဟိုဘဏ်ရဲ့စည်းမျဉ်း စည်းကမ်းနဲ့ လုပ်ရမှာလေ။ အခုတော့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး ဘဏ်တွေက လုပ်ခဲ့တာကြောင့် ဘဏ်တွေမှာ နဂိုတကတည်းက အခြေအနေ မကောင်းဘူး” လို့ ပြောပါတယ်။

ဆိုတော့ မြန်မာနိုင်ငံက ဘဏ်တွေရဲ့ အနေအထားက နဂိုကတည်းက ယိုင်နဲ့နေရာကနေ စစ်တပ်က အာဏာသိမ်းမှုကြောင့် ပိုပြီးဆိုးရွားလို့ လာပါတယ်။ အကြောင်းရင်းကတော့ ပြန်မဆပ်နိုင်တဲ့ ချေးငွေတွေကြောင့် ဘဏ်တွေဟာ အရှုံးပေါ်ဖို့လမ်းစ ပေါ်လာပါတော့တယ်။

ဘဏ်တွေ ပြိုလဲနိုင်မလား 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အစည်း (IMF) အဆိုအရ ဘဏ်တွေမှာ ငွေအစုလိုက် အပြုံလိုက် ထုတ်ယူမှုကို တချိန်တည်း ကြုံရတဲ့အခါ ဖြစ်စေ၊ ငွေကြေးဆုံးရှုံးမှု အမြောက်အမြားနဲ့ ကြုံရတဲ့အခါ ဖြစ်စေ၊ ပိုင်ဆိုင်မှုတွေကို ငွေသားအဖြစ်ဖော်ယူဖို့ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ ဖြစ်စေ အဲ့ဒါမျိုးနဲ့ကြုံပြီဆိုရင် ဘဏ်တွေ ကပ်ဆိုက်ပြီလို့ ဆိုပါတယ်။ ဒီတော့ မြန်မာပြည်ကဘဏ်တွေဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင် ကပ်ဆိုက်နေပြီလို့ ပြောရမှာပါ။ ဆိုတော့ ဒါက ဘဏ်တွေ ပြိုလဲနိုင်တဲ့ လမ်းစလား။

ဘဏ်လုပ်ငန်းနဲ့ငွေရေးကြေးရေးဆိုင်ရာ ပြည်ပရောက်သုသေသီတဦးက “နိုင်ငံရေးပြဿနာ မဖြေရှင်းသေးပဲနဲ့ ဒီဟာကို ဖြေရှင်းဖို့က မလွယ်ဘူး။ ဘာကြောင့် မလွယ်တာလဲဆိုရင် ပြည်တွင်းအားနဲ့ ဖြေရှင်းလို့ မရဘူး။ နိုင်ငံတကာ အကူအညီတွေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ အကူအညီပါမှ ဒီကဏ္ဍက ပြန်ပြီး မတ်နိုင်မယ်လို့ မျှော်လင့်ရတယ်။ ဘဏ်တွေ ပြိုလဲသွားမယ်ဆိုရင် ကျနော်တို့မှာ  domino effect  ဆိုတာရှိလာနိုင်တယ်။ ဒါက တကောင်လဲရင် ကျန်တဲ့သူ အကုန်လဲတာပေါ့နော်။ ဘဏ်ရဲ့ သဘောအရ အဲ့သဘောရှိတယ်။ ဗဟိုဘဏ်ဆိုတာက ပုဂ္ဂလိကဘဏ်တွေရဲ့ နောက်ဆုံး အားထားရာပါ။ အဲ့တော့ မလဲအောင် လုပ်ဖို့က အစိုးရမှာ တာဝန်အရှိဆုံးပဲ” လို့ သုံးသပ်ပြောပါတယ်။

စစ်ကောင်စီက ရုရှားအကူအညီနဲ့ ဝါဇီ ငွေစက္ကူထုတ်လုပ်တဲ့စက်ရုံကနေ ပိုက်ဆံတွေ ရိုက်ထုတ်တော့မှာဖြစ်တဲ့အတွက် ဘဏ်တွေ ဒေဝါလီခံရတာမျိုး မဖြစ်နိုင်သေးဘူးလို့ ငွေကြေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

ကျပ် ၅၀၀၀ တန်နဲ့ ကျပ်  ၁ သောင်းတန်ငွေစက္ကူတွေ ဖျက်သိမ်းမယ်၊ ဘဏ် ၃ ခု ဒေဝါလီခံမယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလဖြစ်ပြီး  မဟုတ်မှန်ဘူးလို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၃ ရက်နေ့က ကြေညာထားပါတယ်။ 

ဒီကြေညာချက်နဲ့ပတ်သက်ပြီး ငွေကြေးပညာရှင် ဦးဇော်ဖေဝင်းက “ပြီးခဲ့တဲ့ တစ်ပတ်လောက်အထိကတော့ အကျပ်အတည်းက ရှိနေတယ်။ ရုရှားအကူအညီနဲ့ ဝါဇီစက်ရုံက  ပြန်လည်ပတ်ပြီလေ။ သူတို့ ပိုက်ဆံတွေတော့ ထုတ်တော့မှာပါ။ ဘဏ်တွေကိုလည်း လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးမယ်ဆိုရင်  ဘဏ်တွေက ဆက်ပြီးလည်ပတ်သွားမှာပေါ့။ သူတို့ထုတ်တာကလည်း သိပ်အများကြီးတော့ မဖြစ်နိုင်ဘူး။ မျှပေးမယ်ဆိုတော့ ဘဏ်တွေဆီက ပိုက်ဆံထုတ်ရတာ အခက်အခဲရှိဦးမယ်။ သို့သော်လည်း အသင့်အတင့်တော့ လျော့သွားနိုင်တယ်လို့ ယူဆရပါတယ်။ အဲ့ဒါကြောင့် ဘဏ်တွေ ဖျက်သိမ်းရအောင် အခြေအနေမကောင်းတဲ့ အဆင့်အထိ မရောက်သေးဘူးလို့ ယူဆရပါတယ်။”လို့ ဒီဗွီဘီကို ပြောထားပါတယ်။ 

အတိတ်က သင်ခန်းစာ

ပြီးခဲ့တဲ့ ၂၀၀၃၊ ၂၀၀၄ ဝန်းကျင်က ဖြစ်ပေါ်ခဲ့တဲ့ ဘဏ်အကျပ်အတည်းကြောင့်  မြန်မာနိုင်ငံမှာ လူသိများပြီး နာမည်ကြီးတဲ့ အာရှဓနဘဏ် အပါအဝင် မြန်မာမေဖလားဝါးဘဏ်ဟာ လိုင်စင်ပိတ်သိမ်းခံရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

ဒါပေမဲ့  ဗဟိုဘဏ်က ကြီးကြပ်ခဲ့ပြီး စနစ်တကျ ဖျက်သိမ်းခဲ့တာပါ။ ဒီနေရာမှာ ဘဏ် တခုကို ဖျက်သိမ်းလိုက်တဲ့အတွက် ငွေအပ်နှံငွေသူတွေ ဆုံးရှုံးမှုမရှိရလေအောင် ဗဟိုဘဏ်က တာဝန်ယူစီမံခန့်ခွဲပေးပါတယ်။  ဒီ့အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (၂၀၁၆) အခန်း ၁၂ ကနေ ၁၇ မှာ အတိအလင်းဖော်ပြထားပါတယ်။ ဒါကြောင့် ငွေအပ်နှံသူတွေအဖို့ နစ်နာဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။

နိုင်ငံရေးနှင့် စီးပွားရေးအနာဂတ်

ကမ္ဘာ့ဘဏ်ရဲ့  ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့တဲ့ တွက်ချက်မှုအရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက ကိုဗစ်ကြောင့် အားနည်းနေတဲ့ မြန်မာ့စီးပွားရေးက ဆိုးဆိုးဝါးဝါး ထိခိုက်မှုရှိနေတာပါ။ အခုလို ရောဂါကပ်ဘေး ကြုံတွေ့နေရတဲ့ အခြေအနေမှာ မျှော်လင့်မထားတဲ့ ကြမ္မာဆိုးက မဖိတ်ခေါ်ဘဲ မြန်မာပြည်ဆီ တည့်တည့်ဝင်လာခဲ့ပါတယ်။ ဒါကတော့ အများ သိပြီးဖြစ်တဲ့အတိုင်း စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တိုင်းပြည်ရဲ့အာဏာကို အဓမ္မသိမ်းယူခဲ့တာပါ။ အာဏာရူး လူတစုရဲ့ အမျှော်အမြင်မရှိ၊ ဆင်ခြင်မဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်ဟာ Fail State (ပျက်သုဉ်း)နိုင်ငံအဆင့်ဆီ သွားနေပြီလို့ လေ့လာအကဲခတ်သူတွေက မှတ်ချက်ပေးကြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး ကသောင်းကနင်း ဖြစ်မှုနဲ့ လျင်မြန်စွာမြင့်တက်လာနေတဲ့ ကိုဗစ် တတိယလှိုင်း ကူးစက်ပြန့်ပွားမှု ကြောင့် လူ့အသက်ပေါင်းများစွာ အပါအဝင် သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ဆင်းရဲမွဲတေမှုနဲ့ အနာဂတ် ထိခိုက်စေမယ့် အခြေအနေတွေကြောင့် အခုဘဏ္ဍာနှစ်(အောက်တိုဘာ ၂၀၂၀- စက်တင်ဘာ ၂၀၂၁)မှာ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက် ကျုံ့သွားမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ အဓိပ္ပာယ်က ကိုဗစ် ကပ်ဘေးနဲ့ တပ်မတော်က အာဏာသိမ်းမှုမရှိခဲ့ပါကရှိသင့်တဲ့ ပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားမယ်လို့ ဖွင့်ဆိုထားပါတယ်။

ဒီပြဿနာကြောင့် အလုပ်အကိုင် တသန်းခန့် ဆုံးရှုံးသွားဖို့ရှိပြီး လုပ်သားအများအစုက အလုပ်ချိန် သို့မဟုတ် လုပ်ခလစာ လျှော့ချခံရနိုင်လို့ ဝင်ငွေတွေလျှော့ကျပါလိမ့်မယ်။ အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးမှုက အခုနှစ်မှာ မနှစ်ကထက် နှစ်ဆမြင့်တက်သွားမယ်လို့ သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး ကသောင်းကနင်းနဲ့ပတ်သက်ပြီး  စီးပွားရေးသုသေတီ တဦးကတော့  “ဘယ်နိုင်ငံမှာမဆို နိုင်ငံရေး မတည်ငြိမ်ဘဲနဲ့ ဘာစီးပွားရေးမှ လုပ်လို့မရဘူးလေ။ ဒါက အခြေခံပဲ။ ဒါကြောင့်မို့ ဘယ်နိုင်ငံမှာမဆို အလုပ်လုပ်တော့မယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်လား ဆိုပြီး အရင်ကြည့်တာလေ။ နိုင်ငံရေး မတည်ငြိမ်ဘူး။ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုရင် ဘယ်သူမှ မလာဘူး။ ဘယ်လောက်ပဲ ရွှေတောင်ကြီး ရှိနေပါစေ။ အဲဒီရွှေတောင်ကြီးကို ဘယ်သူမှ လာမတူးဘူး။ ဘာလို့လဲ တရားဥပဒေစိုးမိုးမှုမှ မရှိတော့ သူ့တို့ဟာတွေ့လည်း အသိမ်းခံရမှာပေါ့။ ဒါကြောင့် နိုင်ငံရေး မတည်ငြိမ်ရင် ဘာမှလုပ်လို့ မရဘူး။ ဘာ (Plan) စီမံချက်မှလည်း ချလို့ မရဘူး”လို့ သုံးသပ်ပြောပါတယ်။

အာတူးဒီ

4 months Ago
Up