မြန်မာ့စီးပွားရေးဘဏ်

October 12, 2021

ဘီးလင်းက မြန်မာ့စီးပွားရေးဘဏ်နှင့် ဘီးခွန်ကောက်ခံရေးဂိတ်တွင် ဗုံးပေါက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်အရှေ့နဲ့ စည်ပင်သာယာရေးအဖွဲ့ရဲ့ မြို့ဝင် ဘီးခွန်ကောက်ခံရေးဂိတ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုအနေနဲ့ အမှတ်(၈) ခြေလျင်တပ်ရင်းအနီးက မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဒီကနေ့ မနက် ၆ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ မနက် ၈ နာရီအချိန်မှာတော့ မြို့ဝင် ဘီးခွန်ကောက်ခံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။

ဘီးလင်းမြို့ဝင် ဘီးခွန်ကောက်ခံရေးဂိတ်ကို ပြီးခဲ့တဲ့ လပိုင်းကတည်း ပိတ်သိမ်းထားတာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်လုံခြုံရေးယူပြီးနောက် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ တာပါ။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် စည်ပင်သာယာရေးအဖွဲ့ရဲ့ ဘီးခွန်ကောက်ခံရေးဂိတ် ထိခိုက်ပျက်စီးမှု တချို့ရှိခဲ့ပါတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ဘီးလင်းမြို့ရဲ့ နေရာအများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေသလို ရပ်ကွက်အချို့မှာလည်း လုံခြုံရေးယူထားတယ်လို့ ဆိုပါတယ်။

1 week Ago

September 20, 2021

မြစ်ကြီးနား မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ စက်တင်ဘာ ၂၀ ရက်မနက် ၉ နာရီခွဲလောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဧရာရပ်ကွက်နေ ဒေသခံတစ်ဦးက “မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ပေါက်တယ်၊ အသံကတော့ အကျယ်ကြီးပဲ  မြေကြီး တောင်တုန်သွားတယ်" လို့ ပြောပါတယ်။

  ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်  စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးနေကြပါတယ်။  ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာ  မရှိကြောင်း   ဒေသခံတွေက ပြောပါတယ်။

စစ်အဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ထဲက မြို့နယ်တွေမှာ ဗုံးပေါက်ကွဲတာ၊ Mytel တာဝါတိုင် ဖျက်ဆီးခံရတာတွေ မကြာခဏ ဖြစ်နေပါတယ်။

4 weeks Ago
More News
Up