မြန်မာ့

March 5, 2020

နှစ်ပေါင်း ၂၀ အတွင်း မြန်မာ့ဒီရေတော ၆၀ ရာခိုင်နှုန်းကျော် ပျက်စီးပြုန်းတီး

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကာလအတွင်းမှာ မြန်မာ့ဒီရေတောဧရိယာ ၆၀ ရာခိုင်နှုန်းကျော် ပျက်စီးပြုန်းတီးခဲ့တယ်လို့ သုတေသနအစီရင်ခံစာတစောင်မှာ ဖော်ပြပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ်မှ အသစ်ထွက်ရှိလာတဲ့ သုတေသနအစီရင်ခံစာတ စောင်မှာ သိသိသာသာ ပျက်စီးပြုန်းတီးလာတဲ့ မြန်မာ့ဒီရေတောတွေရဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံအနေနဲ့ ဇီဝမျိုးစုံမျိုးကွဲရေရှည်တည်မြဲဖို့ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။ ဒီသုတေသနကိုတော့ စင်ကာပူအမျိုးသားတက္ကသိုလ်၊ ဇီဝသိပ္ပံဘာသာဌာန တွဲဖက် ပါမောက္ခ အက်ဒ်ဝပ်ဒ်ဝက်ဘ်နဲ့ ဂျိုဆေးဒွန်ဒီအယ်လ်ဘန်တို့က ဦးဆောင်ခဲ့ကြပြီး မတ်လ ၃ ရက်နေ့က ထုတ်ဝေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဂျာနယ်တစောင်ဖြစ်တဲ့ Environmental Research Letters မှာ ဖော်ပြတာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်လောက်က မြန်မာနိုင်ငံရဲ့ ဒီရေတော ဧရိယာဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားခဲ့ပေမယ့် နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးချိန်မှာတော့ စပါး၊ ဆီအုန်း၊ ရာဘာစိုက်ပျိုးမှုတွေလို အသွင်ပြောင်း အသုံးပြုတာတွေ၊ မြို့ပြဖြစ်ထွန်းလာမှုတွေနဲ့အတူ အဲဒီဧရိယာရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ ပျက်စီးပြုန်းတီးလာခဲ့တယ်လို့ ဖော်ပြပါတယ်။  ကမ္ဘာ့ အပူပိုင်းသစ်တော ဧရိယာရဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်းလောက်သာ ဒီရေတော ဧရိယာတွေ ဖြစ်ပေမယ့် ဒါဟာ ဂေဟစနစ်အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။ ဒီရေတောတွေဟာ ရေသတ္တဝါမျိုးစိတ်တွေအတွက် ကျင်လည်ကျက်စားမျိုးပွားနိုင်ဖို့၊ ဆူနာမီလှိုင်းနဲ့ မုန်တိုင်းတွေလို သဘာဝဘေးဒဏ်တွေကြောင့် ကမ်းရိုးတန်းဒေသတွေ ထိခိုက်ပျက်စီးစေမယ့်ဘေးကနေ ကာကွယ်ပေးတာတွေလို လူမှုအကျိုးစီးပွားဆိုင်ရာ အကျိုးကျေးဇူးနဲ့ ကြွယ်ဝတဲ့ ဂေဟစနစ်ကိုပါ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံအများစုဟာ သူတို့ရဲ့ ဒီရေတောတွေ ပျက်စီးပြုန်းတီးမသွားဖို့ ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေကြပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလကထက်စာရင်တော့ ဒီရေတော ပြုန်းတီးမှုနှုန်းဟာ ကုန်းတွင်းပိုင်းသစ်တောပြုန်းတီးမှုတွေထက် ပိုမြင့်မားနေခဲ့တာ ပါ။ “ငါးနဲ့ ပုစွန်မွေးမြူရေးလုပ်ငန်းတွေကြောင့် ဒီရေတောတွေ ထိခိုက်ပျက်စီးမှုကို အနည်းငယ်သာ အကျိုးသက်ရောက်စေမယ်ဆိုပေမယ့်လည်း မကြာတဲ့ ကာလမှာတော့ ဒါက ပြောင်းလဲသွားနိုင်ပါတယ်။ မြေအမျိုးအစားအလိုက် အကျိုးစီးပွားအရ ယှဉ်ပြိုင်မှုတွေနဲ့အတူ ဒီရေတောတွေ ဆက်လက်ရှင်သန်ရေးဟာလည်း နှိုင်းယှဉ်ရဖွယ် ရှိနေတယ်”လို့ သုတေသန စာတမ်းရှင် ဒီအယ်လ်ဘန်က ပြောပါတယ်။ မြန်မာ့ဒီရေတောတွေရဲ့ သုံးပုံနှစ်ပုံလောက် ဆုံးရှုံးသွားခဲ့ရမှုနဲ့အတူ အစိုးရအနေနဲ့ အရေးကြီးတဲ့ ဒီရေတောရင်းမြစ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ မဟာဗျူဟာတွေ ချမှတ် လုပ်ဆောင်သွားဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ တွဲဖက် ပါမောက္ခ အက်ဒ်ဝပ်ဒ်ဝက်ဘ်ကတော့ “ဒီရေတောတွေရဲ့ ကံကြမ္မာဟာ မူဝါဒအရ အားသာချက်၊ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံတွေ အကောင်အထည်ဖော်တာတွေနဲ့ ဆက်စပ်နေပါတယ်။ သင့်တော်တဲ့ ရှေရှည်စီမံကိန်းရေးဆွဲတာတွေ စီမံခန့်ခွဲမှုစနစ်နဲ့ ထိန်းသိမ်းမှ ကောင်းမွန်တဲ့ ဂေဟစနစ်ဖြစ်လာနိုင်ပြီး အနာဂတ်အတွက်လည်း ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။
2 years Ago
Up