မြန်မာအိုင်ဒေါစတား

December 3, 2020

မြန်မာအိုင်ဒေါစတား တေးသံရှင် M ဇော်ရိန် အဆွေးသီချင်းသစ်-“ချစ်ခဲ့ပေမယ့်”(ရုပ်သံ)

“ဖြစ်ပျက်ခဲ့သမျှ မေ့ဖို့ကမလွယ်ကူ… အရာ အားလုံးပြီးဆုံးသွားပေမယ့်… ဦး နှောက်ထဲမှာ ကျန်နေတုန်းပဲ… ဒီသံယောဇဉ်… ဒီသံယောဇဉ်… လက်ချိုးရေလို့မရတဲ့ အမှတ်တရများကို… ဗလိုင်းကြီး မေ့ခံရအောင်… သုံး လေး ရက်လောက် တွဲခဲ့တာ လည်းမဟုတ်… နင်အသိဆုံး… သိပ်ချစ်ခဲ့တာတွေကို… နင့်ဘဝအတွက်ပဲ… ငါသိပါ တယ်… ငါဘာမှအသုံးမဝင်ဘူး နင့်အတွက်” ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာခဲ့တဲ့ မြန်မာအိုင်ဒေါစတား တေးသံရှင် M ဇော်ရိန်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။ “ချစ်ခဲ့ပေမယ့်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး စောထက်နိုင်စိုး က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Silver Gold Music Band ရဲ့ တီးခတ်မှုနဲ့ မြူးဇစ်ဗီဒီယို အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ အသက် ၂၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ M ဇော်ရိန်ကိုတော့ ပရိသတ်တွေက မြန်မာ အိုင်ဒေါသီချင်းဆိုပြိုင်ပွဲကတဆင့် စတင်သတိထားမိခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂီတအနုပညာလှုပ်ရှားမှုတွေနဲ့ ဆက်လက်လျှောက်လှမ်းနေခဲ့သူ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 1 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်ဆင့်ဖြတ်သန်းကာ နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သူပါ။ အဲဒီအဆင့်မှာတော့ M ဇော်ရိန်နဲ့အတူ ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ နင်ဇီမေ၊ စော လားထော်ဝါးတို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး Winner ဆုကိုတော့ စောလားထော် ဝါးက ရရှိသွားခဲ့ကာ M ဇော်ရိန်ကတော့ First Runner Up ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ “စိတ်”အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီဖြစ်ကာ တခြားအတွဲတေးအယ်လ်ဘမ်တွေမှာရော၊ ရှိုးပွဲတွေမှာပါ သီဆို ဖျော်ဖြေနေခဲ့ပြီ ဖြစ်ပါတယ်။ “နင်အဆင်ပြေဖို့က အဓိကပါ… ဒဏ်ရာတွေနဲ့ပြည့်နေလည်း… နင်မှမသိနိုင်ပဲ… နင်ပျော်နေဖို့က အဓိကပါ… အချိန်တွေ အကြာကြီးချစ်ခဲ့လည်း… သေအောင် ငါချစ်ခဲ့ပေ မယ့်… နင်အဆင်ပြေဖို့က အဓိကပါ… ဒဏ်ရာတွေနဲ့ပြည့်နေလည်း… နင်မှမသိနိုင်ပဲ… ဟေး .. နင်ပျော်နေဖို့က အဓိကပါ… အချိန်တွေ အကြာကြီးချစ်ခဲ့လည်း… သေအောင် ငါချစ်ခဲ့ပေမယ့်… ထားခဲ့တာပဲ” ခုအသစ်ထွက်ရှိလာတဲ့ “ချစ်ခဲ့ပေမယ့်”သီချင်းထဲမှာတော့ M ဇော်ရိန်ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားခဲ့ပြီး ဒါရိုက်တာ ရဲနိုင်ကျော်က ရိုက်ကူးပုံဖော်ပေးထားခဲ့ကာ အလွမ်းအဆွေး သီချင်းရုပ်သံတပုဒ်အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
7 months Ago

October 10, 2020

မြန်မာအိုင်ဒေါစတား ပိုးမီ သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး - “တို့ကပိုလှတယ်”(ရုပ်သံ)

မနေ့ညက နောက်ဆုံးသီတင်းပတ်အဖြစ် ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲမှာတော့ မြန်မာအိုင်ဒေါစတား တေးသံရှင် ပိုးမီကလည်း ပါဝင်ဖျော်ဖြေသွားခဲ့ပါတယ်။ သူ သီဆိုဖျော်ဖြေခဲ့တဲ့ သီချင်းကတော့ “တို့ကပိုလှတယ်” သီချင်းဖြစ်ပြီး တေးရေး စန္ဒရားလှထွဋ်က ရေးစပ်ပေးထားခဲ့ပြီး တေးသံရှင် နွဲ့ယဉ်ဝင်းက မူရင်းသီဆိုထားခဲ့ကာ “ကျနော်နဲ့ကိုဘကျော်” ရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်တေးတပုဒ်အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ “ကျနော်နဲ့ ကိုဘကျော်” ရုပ်ရှင်ကိုတော့ ၁၉၇၅ ခုနှစ်က မန်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည် ကျော် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ကောလိပ်ဂျင်နေဝင်း၊ ကျော်ဆွေ၊ တင်တင်ညို၊ ဇော်ဝမ်း၊ စံရှားတင်တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ၁၉၇၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုရရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ခုတခါမှာတော့ ဒီရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးကို မျိုးဆက်သစ်အဆိုတော် ပိုးမီရဲ့ သီဆိုမှုနဲ့အတူ ပရိသတ်တွေက တကျော့ပြန်ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပိုးမီဟာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုရရှိခဲ့တဲ့ သားငယ်၊ ဘီလီလမင်းအေးတို့နဲ့အတူ Top 3 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးသွားခဲ့ချိန်မှာလည်း ပိုးမီကို အားပေးတဲ့ ပရိသတ်တွေ ရှိနေခဲ့ကြပြီး သူ့ရဲ့ ကိုယ်ပိုင်သီချင်းတပုဒ်ဖြစ်တဲ့ “အလိုက်တသိ” သီချင်းနဲ့ လူသိများလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပိုးမီက “နောက်ထပ်… တစ်ယောက်မရှိ” အမည်တဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကတော့ ပိုးမီရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းသစ်တပုဒ် ဖြစ်တဲ့ “ဒါပေမယ့်… ချစ်တယ်” လို့ အမည်ပေးထားတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိထားပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဝါရင့်နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ Mဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပပသိန်းတန်တို့က ဖျော်ဖြေသွားခဲ့ကြပါတယ်။
8 months Ago
More News
Up