ထိုင်ဝမ်အစိုးရဟာ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး ပိုတင်းမာတဲ့ ရပ်တည်ချက်ကို ရွေးချယ်လိုက်ပြီလို့ နိခဲအိ အေးရှ သတင်းဌာနက ဧပြီ ၁၂ရက်မှာ သတင်းထုတ်ပါတယ်။
ထိုင်ဝမ်လွှတ်တော်က ချမှတ်တဲ့ အဆိုပြုချက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာပြည်မှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဝေဖန်ရှုတ်ချတဲ့ တရုတ်ဘာသာစကားပြောတဲ့ ကမ္ဘာနိုင်ငံတွေအထဲမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်ဝမ် အမျိုးသားလွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ တရားဝင် အဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံအတွင်း အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက်မှု ရပ်တံ့ဖို့နဲ့ ဒီမိုကရေစီနိုင်ငံကို ပြန်လည်ထူထောင်ဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
တရုတ်ပြည်မကြီး အစိုးရကတော့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ် ပစ်ခတ်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို အားပေးထောက်ခံနေပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငွေထုတ်ယူခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စစ်ကောင်စီခန့် စီမံဘဏ္ဍာစက်မှုဝန်ကြီး ဦးဝင်းရှိန်ထံ စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း တောင်းခံလာတဲ့ ဘယ်လို ငွေထုတ်ယူမှုမျိုးကိုမျှ ကမ္ဘာ့ဘဏ်အနေနဲ့ ဆောင်ရွက်ပေးမှာမဟုတ်တဲ့အကြောင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဒါရိုက်တာ မာရီအမ်ရှာမန်းရဲ့ စာမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံရှိ ကမ္ဘာ့ဘဏ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် တောင်ခံထားတာတွေကိုတော့ ကန်ထရိုက်တာတွေ၊ ပစ္စည်းသွင်းသူတွေနဲ့ အတိုင်ပင်ခံအကြံပေးအဖွဲ့အစည်းတွေထံ ကမ္ဘာ့ဘဏ်က တိုက်ရိုက်ပေးသွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်က မြန်မာအာဏာသိမ်းစစ်ကောင်စီအစိုးရကို ငွေထုတ်ယူခွင့်မပြုတော့ကြောင်း အွန်လိုင်းမှာထွက်ပေါ်နေတဲ့ အကြောင်းကြားစာဟာ အစစ်အမှန်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။