မြန်မာအလုပ်သမား

January 16, 2021

မိုင်းယန်း ဆေးလိပ်စက်ရုံက ပြန်ပို့ခံအလုပ်သမား ၁၅၀ ကျော် ရွာထဲအဝင်မခံသဖြင့် ပိတ်မိနေ

“ဝ” အထူးဒေသ ၂၊ မိုင်းယန်းမြို့ရှိ ကျင်းဟွာ ဆေးလိပ်စက်ရုံက ပြန်ပို့ခံရတဲ့ မြန်မာ စက်ရုံလုပ်သားတွေ မိုင်းခတ်မရောက်ခင် ကြံခင်းမှာ ရွာတွင်းအဝင်မခံလို့ လူဦးရေ ၁၅၀ ကျော် ပိတ်မိနေပြီး ရိက္ခာပြတ်လပ်နေတယ်လို့ ပိတ်မိနေသူတွေက ပြောပါတယ်။ သူတို့ကို ဇန်နဝါရီ ၁၄ ရက်နေ့က တရုတ်နိုင်ငံသားပိုင် ကျင်းဟွာ ဆေးလိပ်ကုမ္ပဏီပိုင်ကားနဲ့ မိုင်းယန်း-မိုင်းခတ် ကားလမ်းဘေး၊ ထန်မွန်ကျေးရွာအနီးမှာ လာရောက်ပို့ဆောင်ခဲ့ပြီးနောက် လမ်းလျှောက် ရွာထဲဝင်ရာမှာ ကိုဗစ်ကာလ လက်မခံတာကြောင့် အခုလို အခက်အခဲကြုံနေရတာပါ။ သူတို့ကို တရားမဝင်လမ်းကနေ လိုက်ပို့တာဖြစ်ကြောင်း ရဲက ပြောမှ သိရတယ်လို့ ပိတ်မိနေသူတဦးဖြစ်တဲ့ မန္တလေးတိုင်းက ကိုဖြိုးသူဝင်းက ပြောပါတယ်။ “အရမ်းဒုက္ခရောက်နေပါတယ်။ အကူအညီ လိုအပ်နေပါတယ်။ လူဦးရေက ၁၅၁ ယောက်ခင်ဗျ။ ယောကျ်ားလေးက ၉၀၊ မိန်းကလေးက ၆၁ ယောက်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၅ ယောက်ပါတယ်။” ကြံတောထဲ အစာရေစာ ပြတ်လပ် ဒုက္ခရောက်နေတာ ၂ ရက် ရှိပြီဖြစ်ပြီး လက်ရှိမှာ ရဲနဲ့ NDAA မိုင်းလားအဖွဲ့က လာရောက်ထာက်ပံ့တာကို စားသောက်နေရတယ်လို့ ပြောပါတယ်။ ခိုးဝင်လာမှုကြောင့် ဥပဒေအရ အရေးယူရင်လည်း ခံမှာဖြစ်ပြီး ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းအရ ကွာရန်တင်းဝင်ခိုင်းရင်လည်း ဝင်မယ်လို့ လက်ရှိ ပိတ်မိနေသူတဦးဖြစ်တဲ့ နတ်မောက်မြို့နယ်နေ ကိုစိုးမင်းက ပြောပါတယ်။ “ကျနော်တို့က အမြန်ဆုံး ပြန်ချင်တယ်။ ခိုးလမ်းမှာ ပို့ထားတော့ လေဟာပြင်မှာ အဆောက်အဦ မရှိဘူး။ တဲလေး ဖြစ်သလိုဆောက်ပြီး ဖြစ်သလို နေနေရတာ၊ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် နှင်းတွေအရမ်းကျလို့ အရမ်းအေးတယ်။”  သူတို့ဟာ အဲဒီစက်ရုံမှာ ၁ နှစ်ကနေ ၃ နှစ်ထိ အလုပ်လုပ်ခဲ့ကြသူတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၉ လ ပိုင်းလောက်ကစ စက်ရုံပိတ်သိမ်းကာ လုပ်ခလစာ ရသင့်သလောက်မရဘဲ ပေးသလောက်သာ ရပြီး ခက်ခဲလာတာကြောင့် ပြန်လာရတာလို့ ဆိုပါတယ်။ ဆေးလိပ်စက်ရုံက ပြန်ပို့ခံရသူတွေဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ NDAA မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေကြားရှိ မိုင်းယန်းနဲ့ မိုင်းခတ်ကြား ကြံတောမှာ ပိတ်မိနေတာလို့ သိရပါတယ်။ ကိုဗစ်ကာလ ပထမလှိုင်းမှာတော့ မိုင်းလားဒေသကပြန်လာတဲ့ မြန်မာလုပ်သား ၃,၀၀၀ ကျော်ကို ကိုဗစ်-၁၉ စည်းကမ်းနဲ့ ကွာရန်တင်းထားရှိပြီး နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်ခဲ့တာရှိပေမယ့် အခုတော့ တရားဝင် အကြောင်းကြား ဆက်သွယ်တာ မရှိတော့ဘူးလို့ သိရပါတယ်။ သတင်း - Pra Jaw၊ ဓာတ်ပုံ - ဒုက္ခ​ရောက်​နေသူ အဖွဲ့
8 months Ago

December 30, 2020

တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးရန် ထိုင်းဝန်ကြီးများအဖွဲ့ ဆုံးဖြတ် 

ထိုင်းနိုင်ငံမှာ အထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ပန်းရောင် ယာယီနေထိုင်ခွင့်ကတ်ပြားတွေ ထုတ်ပေးဖို့ ထိုင်းအစိုးရ ဝန်ကြီးများအဖွဲ့က သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ရွှေ့ပြောင်းအလုပ်သမားတွေ အကြားမှာ ရောဂါ ကူးစက်မှုအများဆုံးတွေ့ရှိရတဲ့အတွက် တာဝန်ရှိသူတွေက ရွှေ့ပြောင်းလုပ်သားတွေ ရှိတဲ့နေရာကို ကွင်းဆင်းစစ်ဆေးရာမှာ တရားမဝင်အလုပ်သမား ငှားရမ်းခန့်ထားတဲ့ အလုပ်ရှင်တချို့က အရေးယူခံရမှာကြောက်ပြီး အလုပ်သမားတွေကိုစွန့်ပစ်တာတွေရှိခဲ့သလို တချို့ အထောက်အထား မဲ့အလုပ်သမားတွေကိုယ်တိုင်ကလည်း အဖမ်းခံရမှာကြောက်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ ဒီလို ထွက်ပြေးပုန်းရှောင်တာတွေဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်ပေါ်စေတဲ့အတွက် တရားမဝင်အလုပ်သမားတွေကို နေထိုင်ခွင့်ကတ် ထုတ်ပေးဖို့  ထိုင်းဝန်ကြီးများအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့  ထိုင်းအစိုးရ ဒုပြောရေးဆိုခွင့်ရှိသူ နန်းဆောင် တရိုင်းဆုလီ တရိုင်းဆလွန်နကွန်းက ထုတ်ပြန်ပြောဆိုပါတယ်။  အဆိုပါ တရားမဝင်အလုပ်သမားတွေမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက လာတဲ့အ လုပ်သမားတွေအကြုံးဝင်ပြီး သူတို့ကို အထောက်အထားထုတ်ပေးဖို့ ထိုင်းပြည်ထဲရေးနဲ့ အ လုပ်သမားဝန်ကြီးဌာနက  မူဘောင်နဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ တရားမဝင်အလုပ်သမားတွေအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း အလုပ်ရှင်ရှာဖွေပြီး  အွန်လိုင်းကနေ မှတ်ပုံတင်ရမယ်လို့ ဆိုပါတယ်။ မှတ်ပုံတင်ခွင့်ပြုမယ့်ကာလမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဖြစ်ပြီး ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား  ဘာသာ လေးခုနဲ့  လျှောက်လွှာ တင်နိုင်ပါတယ်။ အလုပ်သမားတွေ မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေကို အလုပ်သမားဝန်ကြီးဌာနက စိစစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကို ပေးပို့မှာဖြစ်ပြီး ကျန်းမာရေးဌာနကနေ အဆိုပါ အလုပ်သမား တွေကို ကိုဗစ်-၁၉ နဲ့တကွ အခြား ရောဂါ ၆ မျိုးကို စစ်ဆေးကာ ၂ နှစ် သက်တမ်းရှိ ကျန်းမာရေးအာမခံကတ် လုပ်ဆောင်ရမှာဖြစ်ပြီး ကုန်ကျစရိတ်မှာ ဘတ် ၇၂၀၀ ကျသင့်မယ်လို့ ဆိုပါတယ်။  ကျန်းမာရေးစစ်ဆေးရာမှာ စက်ရုံအလုပ်ရုံကလုပ်သားတွေဆိုရင် ကျန်းမာရေးဌာနက လုပ်ငန်းခွင်အထိ လာရောက်စစ်ဆေးပေးမှာဖြစ်ပြီး  ကျန်အလုပ်သမားတွေကတော့ နီးစပ်ရာ ပြည်သူ့ဆေးရုံကြီးတွေမှာ သွားစစ်ရမှာဖြစ်ပါတယ်။  ဆေးစစ်ပြီးတဲ့အလုပ်သမားတွေကို ပြည်ထဲရေးဌာနကနေ ပန်းရောင်ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးမှာဖြစ်ပြီး အဆိုပါကတ်ဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်လိုက်တဲ့ အထူးအစီအစဉ်တစ်ရပ်ဖြစ်ပြီး တရားမဝင်သူတွေကို တရားဝင်အောင် ဖော်ထုတ်ပေးလိုက်တာမို့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ တိတိကျကျလိုက်နာဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက မှာကြားလိုက်ကြောင်း အစိုးရအိမ်တော်က ထုတ်ပြန်ပြောပါတယ်။  ကိုးကား- Dailynews/ Prachachat  
9 months Ago
More News
Up