မြန်မာအကျဉ်းသား

December 19, 2020

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအကျဉ်းသား ၁၄၀ ကျော်ကို တရုတ်က ပြန်လည်လွှဲပြောင်း

တရုတ်အကျည်းထောင် ၁၂ ထောင်မှာ နှစ်ရှည် ဖမ်းဆီးထိန်းသိမ်းခံရပြီး လွတ်ရက်စေ့သွားတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ၁၄၀ ကျော်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တရုတ်ဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ မူဆယ် တရုတ်ကျောင်း ထောင်လွှဲ ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က DVB ကို ပြောပါတယ်။ ထောင်လွှဲ ပို့ဆောင်သူတွေမှာ ဆေးမှုအများဆုံးဖြစ်ပြီး လဝက နယ်ကျော်မှု၊ လူကုန်ကူးမှုတွေ ပါဝင်ကာ ၄ လမှ အနှစ် ၂၀ ထိ ကျခံရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ ပြည်နယ်အသီးသီးရှိ အကျည်းထောင် ၁၂ ထောင်က အမျိုးသမီး ၆၇ ဦး၊ အမျိုးသား ၇၉ ဦး ဖြစ်ပြီး အဲဒီထဲက အမျိုးသမီး ၂ ဦးက လူကုန်ကူးခံရတာကြောင့် ကျယ်ဂေါင် လူကုန်ကူးမှုတားဆီးရေး စင်တာကို ပို့ဆောင်ထားကာ ကျန်သူတွေကိုတော့  မူဆယ် တရုတ်ကျောင်း ထောင်လွှဲ ကွာရန်တင်းစင်တာမှာ လက်ခံထားရှိတယ်လို့ ဦးမန်းမျိုးမြင့်က ပြောပါတယ်။ လွှဲပြောင်းခံရသူတွေကို ဒီဇင်ဘာ ၁၉ ရက်မနက် ၇ နာရီက စတင်ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး ပိုးကင်းစင်သူတွေကိုတော့ နေရပ်ဒေသ ပို့ဆောင်သွားမယ်လို့ မူဆယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး၊ ကုသရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တရုတ်ကျောင်း ကွာရန်တင်းစင်တာက သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားတွေကို တရုတ်-မြန်မာ တရားဝင် အဝင်အထွက် ဂိတ်ပေါက်ဖြစ်တဲ့ မူဆယ်မြို့ နန်းတော်ဂိတ်ကနေ အပတ်စဉ် သောကြာနေ့တိုင်း လွှဲပြောင်းပေးနေတာ ဖြစ်ပါတယ်။ သတင်း - Pra Jaw
1 year Ago

September 11, 2020

ထိုင်းအစိုးရက မြန်မာအကျဉ်းသား ၈၀ ကျော်ကို ထပ်မံလွှဲပေး

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၈၇ ဦးကို   ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၇ ရက်နေ့က ရနောင်းကနေတဆင့် မြန်မာနိုင်ငံ ကော့သောင်းဘက်ကို လွှဲအပ်ပေးခဲ့ပါတယ်။   ထိုင်းနိုင်ငံ ခရိုင် ၁၄ ခုမှာ လွတ်ရက်စေ့မြန်မာအကျဉ်းသားပေါင်း ၈၀၀ ကျော် ရှိတဲ့အနက် မြန်မာဘက်က ကွာရန်တင်းစင်တာဆံ့မဆံ့ပေါ်မူတည်ပြီး လက်ခံရတာကြောင့် ၇ ရက်နေ့ကတော့ ၈၇ ဦးသာ လက်ခံခဲ့တာလို့  နေရပ်ပြန်တွေကို  နေရာချထားရေးမှာ တဘက်တလမ်း ကူညီနေတဲ့ ကော့သောင်းရှိ FED - Mec ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ပညာပေးစင်တာ တာဝန်ခံ ကိုမိုး ဝေက ဒီဗွီဘီကို ပြောပါတယ်။  “လူတွေပြည့်နေလို့ သံအရာရှိတွေက ညှိနှိုင်းပြီး ပိုပြီး အရေးကြီးတဲ့သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ နေမကောင်းသူတွေ ဦးစားပေးပြီး လက်ခံရတာ ဖြစ်တယ်။ ဒီတခေါက်ရောက်လာ တာ ၈၆ ဦး အမျိုးသမီး ၇ ဦးပါပါတယ်ခင်ဗျ။ သူတို့က ဘာအမှုနဲ့ အဖမ်းခံရလဲဆိုတော့ အများအားဖြင့် အထောက်အထားမပြည့်စုံတာ၊ အလုပ်သမားလက်မှတ် သက်တမ်းကုန်တာ၊ အလုပ်ရှင်မတူတာ၊ လူကုန်ကူးခံရတာတွေပါပဲ။ ကြီးကြီးမားမား ရာဇဝတ်မှု ကျူးလွန်တာ မဟုတ်ပါဘူး။”   ထိုင်းမှာ ပြစ်ဒဏ်က လွတ်ရက်စေ့ရင် ကိုယ့်ဖာကိုယ်ပြန်လာလို့လည်းရပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ကာလသွားလာမှုတွေ ကန့်သတ်ထားတာကြောင့် အခုလို ပိတ်မိနေတာ ဖြစ်ကြောင်း၊  မိမိဖာသာပြန်ရင် လမ်းစရိတ်မှာလည်း အနည်းဆုံး ဘတ် ၅၀၀၀ ကုန်ကျတာမို့ နှစ်နိုင်ငံအစိုးရ ပူးတွဲဆောင်ရွက်ရေးအစီအစဉ်နဲ့ ပြန်လာရတာလို့ သူကဆက်ပြောပါတယ်။   ကိုဗစ်-၁၉ ကာလ ထိုင်းအာဏာပိုင်တွေဘက်ကနေ လွှတ်ရက်စေ့မြန်မာအကျဉ်းသားတွေ ပြန်လွှဲပေးတာ ၂၀၂၀ မေလကစ ကနေ့ထိ ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး  လူအယောက် ၃၀၀ ကျော်  ၄၀၀ နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။ ကော့သောင်းမှာ လောလောဆယ် ကွာရန်တင်းစင်တာ ၆ ခုဖွင့်ထားပေမယ့် အနယ်နယ် အရပ်ရပ်က နေရပ်ပြန်တွေလည်းပါတာကြောင့် နေရာအခက်အခဲဖြစ်နေရတာ ဖြစ်ကြောင်း၊ နဂိုက ကွာရန်တင်း ၂၁ ရက်ဝင်ရပြီး အခု ၁၄ ရက်လျှော့လိုက်တာကြောင့် နေရာအနည်းငယ် လွတ်သွားတာလို့ ကိုမိုးဝေက ပြောပါတယ်။  ထိုင်းမှာ ကျန်ရှိနေသေးတဲ့ လွတ်ရက်စေ့သူတွေမှာလည်း ပြန်လာလို့မရသေးတာကြောင့် အချုပ်ထဲမှာ ဆက်နေနေရပြီး  လူကြပ်တည်းတဲ့နေရာမှာ ရောဂါကူးစက်ခံရဖို့ စိုးရိမ်စရာရှိပြီး  မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့တွေကို အမြန်ဆုံးမိခင်နိုင်ငံ ပြန်ခေါ်နိုင်အောင်စီစဉ်ပေး စေလိုတယ်လို့ ပြောပါတယ်။ တဘက်မှာလည်း ကော့သောင်းရှိ ကွာရန်တင်းစင်တာမှာ စားရေးသောက်ရေး နေထိုင်ရေးကို လူမှုကူညီရေး၊  ရပ်မိရပ်ဖ၊ ကော့သောင်းဒေသခံတွေက ဝိုင်းကူနေရပြီး ရေရှည်မှာတော့ အခက်အခဲ ဖြစ်နိုင်ချေရှိပါတယ်။    ဓာတ်ပုံများ- THAIMECC
1 year Ago
Up