မြန်မာဟက်ကာအုပ်စု

February 18, 2021

အာဏာသိမ်းစစ်အစိုးရ၏ ဝက်ဘ်ဆိုက်များကို မြန်မာဟက်ကာအုပ်စု ပစ်မှတ်ထား တိုက်ခိုက်

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အစိုးရက  အင်တာနက်ဖြတ် တောက်မှုတွေ လုပ်ဆောင်လာချိန်မှာ မြန်မာဟက်ကာတွေက ဆိုက်ဘာစစ်ပွဲအနေနဲ့ စစ်အစိုးရ ဝက်ဘ်ဆိုက်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်။

Myanmar Hackers အမည်ရ အဆိုပါ ဟက်ကာအုပ်စုက တိုက်ခိုက်ခဲ့ကြတဲ့ဝက်ဘ်ဆိုက်တွေအထဲမှာ ဗဟိုဘဏ်၊ စစ်အစိုးရ ဝါဒဖြန့်စာမျက်နှာ၊ အစိုးရရုပ်သံလွှင့်ရုံ MRTV ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စာမျက်နှာ တွေ ပါဝင်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုဟာ အခုလအစောပိုင်းက အရပ်သားအစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အအပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ထောင်သောင်းချီ ပြည်သူတွေ နိုင်ငံတဝန်း ထွက်လာကြပြီးနောက်တရက်မှာပဲ ဖြစ်လာခဲ့တာပါ။

“မြန်မာနိုင်ငံမှာ တရားမျှတမှုအတွက် ကျနော်တို့က တိုက်ပွဲဝင်သွားမှာပါ”လို့ ဟက်ကာအုပ်စုရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။ “ဒါက အစိုးရဝက်ဘ်ဆိုက်တွေရှေ့မှာ ပြည်သူလူထုက ဆန္ဒပြတာနဲ့ အတူတူပါပဲ”

ဩစတေးလျ RMIT တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေးပညာရှင် မက်ထ်ဝါရန်က ဟက်ခ်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က အများပြည်သူကြား ကျယ်ကျယ်ပြန့်ပြန့်သိစေလို လို့ဖြစ်တယ်လို့ ပြောပါတယ်။

“အကျိုးသက်ရောက်မှုကတော့ (ဒီဝက်ဘ်ဆိုက်က်တွေကို ဟက်ခ်လုပ်လိုက်ရင်) အ ကန့်အသတ်နဲ့သာ  ရနိုင်မယ်။ ဒါပေမဲ့  သူတို့က အများပြည်သူကို အသိပညာပေးမှုမြှင့် တင်ချင်တာပါပဲ”

နောက်ထပ် အင်တာနက်လိုင်းဖြတ်တောက်မှုအနေနဲ့ ဒီကနေ့မနက် ၁ နာရီကနေ စတင်ပြီး အင်တာနက်လိုင်းတွေဖြတ်တောက်ခံခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် NetBlocks က ပြောပါတယ်။ မြန်မာနိုင်ငံတွင်း အင်တာနက်ဆက်သွယ်နိုင်မှုဟာ သာမန်ထက် ၂၁ ရာခိုင်နှုန်း လောက် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ဟက်ကာတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝက်ဘ်ဆိုက်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးဝက်ဘက်ဘ်ဆိုက်နဲ့  တပ်မတော်သတင်းမှန်ပြန်ကြားရေးဝက်ဘ်ဆိုက်တွေ မနေ့က ခေတ္တရပ်သွားပြီး  ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဝက်ဘ်ဆိုက်တို့ကို တပ်မတော်မှ ကွန်ပျူတာပညာရှင်တွေရဲ့ ကြိုးပမ်းမှုကြောင့် နာရီပိုင်းအတွင်း ပြန်ရနေပြီလို့ စစ်ကောင်စီက  ထုတ်ပြန်ထားပါတယ်။  

2 years Ago
Up