မြန်မာသံတော်ဆင့်သတင်းထောက်

March 2, 2021

ပုသိမ်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာသံတော်ဆင့်သတင်းထောက်ကို အကျဥ်းထောင်ပို့ဆောင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတဲ့ဖြစ်စဥ်မှာ သတင်းရယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာသံတော်ဆင့် သတင်းထောက်ကို မတ် ၁ ရက်နေ့က ပုသိမ်အကျဥ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းဟာ ရဲကလာရောက်ဖမ်းချိန်မှာ သတင်းထောက်လို့ ပြောပေမယ့် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းချိန်မှာ သတင်းရယူနေတဲ့ ပုသိမ်မြို့က သတင်းထောက်တွေကို ဖမ်းဆီးတာတွေနဲ့ ဖုန်းတွေကို သိမ်းယူပြီး မှတ်တမ်းတွေ ဖျက်ပစ်တာတွေကို ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာသံတော်ဆင့်သတင်းထောက်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ညပိုင်းက ပြန်လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပေမယ့် ပြန်လွှတ်ပေးတာမျိုးမရှိဘဲ အကျဥ်းထောင်ကို ပို့ဆောင်လိုက်တာပါ။

ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ၁ ရက်ထတည်း အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ဖြစ်စဥ်မှာ ဖမ်းဆီးခံရသူတွေအထဲက အမျိုးသမီး ၁ ဦးကို ညတွင်းချင်းပြန်လွှတ်ပေးခဲ့ပြီး မတ်လ ၁ ရက်နေ့က ၁၂ ဦး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲတွေကို ပုသိမ်မြို့မှာ နေ့စဉ် ပြုလုပ်လာခဲ့တာဖြစ်ပြီး အကြမ်းဖက် ဖြိုခွင်းခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိပေမယ့် ဆက်လက်ဆန္ဒပြနေကြတာပါ။

သတင်း - မင်းထက်မုန်း

9 months Ago
Up