မြန်မာရွှေ့ပြောင်းအလုပ်သမား

December 29, 2020

မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးပေးနေ 

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တစ်ဘက်ကမ်း တာ့ခ်ခရိုင် မဲဆောက်မြို့စျေးကြီးအနီးမှာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ အခမဲ့ စစ်ဆေးပေးနေပါတယ်။  ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မြန်မာအလုပ်သမားအများစုနေထိုင်တဲ့ ဆမွတ်ဆာခွန်ခရိုင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန်လည်ဖြစ်ပွားလာပြီး ရောဂါလက္ခဏာမပြဘဲ ကူးစက်နေတဲ့အတွက် မဲဆောက်မြို့နယ်တွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို  စစ်ဆေးပေးဖို့ တာခ်ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ တာခ်ခရိုင်အတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို ရွှေ့ပြောင်းသွားလာမှု မရှိရအောင်လည်း ညွှန်ကြားထားပြီး စည်းကမ်းဖောက်ဖျက်ပါက ထိရောက်စွာအရေးယူဖို့ကိုလည်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ လူဦးရေ ၄၀၀ ဝန်းကျင်ကို ကိုဗစ်-၁၉ စစ်ဆေးရာမှာ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဌာန၊ စေတနာ့၀န်ထမ်း၊ စစ်တပ်၊ ရဲနဲ့ လဝက အဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းကျန်းမာရေးဌာနက ထုတ်ထားတဲ့ စည်းကမ်း ၄ ချက်ကို လိုက်နာဖို့လိုပြီး နှာခေါင်းစည်းတပ်ဆင်တာ၊ လက်ကို မကြာခဏဆေးတာ၊ လူစုလူဝေးရှောင်တာနဲ့ မိမိခရီးသွားလာရာမှာ အမှန်ကန်ဆုံးသတင်းပေးဖို့ အသိပေးနှိုးဆော်ထားပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာလည်း ဘတ်ဆောင်ခွဲ ၁ ရပ်ကွက်၊ ၂ ရပ်ကွက်နဲ့ မြန်မာနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ (စွမ်လွန်းကြိုင်း)ရပ်ကွက်တွေမှာ မြန်မာအလုပ်သမားတွေကို  ဆက်လက်စစ်ဆေး သွားမယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ ဆေးရုံကြီးမှာတက်ရောက် ဆေးကုသမှုခံယူနေတဲ့  ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာ  ၁၂ ယောက်ရှိပါတယ်။ သတင်း - ဖိုးစီ
4 months Ago

December 27, 2020

မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြ

စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြကို မြဝတီမြို့တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒီဇင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားအများစု နေထိုင် အလုပ်လုပ်တဲ့ စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်နဲ့ ဟိုတယ်တွေမှာ ထိုင်းအလုပ်သမား၀န်ကြီးဌာနက ချမှတ်ထားတဲ့ မီးသတ်နည်းစနစ်တွေကို ပြသပေးခဲ့တာပါ။ အလုပ်သမားတိုင်း လက်တွေ့မီးသတ်ပညာနဲ့ မီးသတ်ပုံး အသုံးပြုစနစ်အကြောင်းတွေ သိထားဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ သိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုအား မထိန်းချုပ်နိုင်ခဲ့ပါက လုပ်ငန်းခွင် ဆုံးရှုံးမှုတွေနဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်ဖို့အတွက် မီးသတ်စနစ်ကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကလည်း စိတ်ဝင်စားစွာ သင်ယူခဲ့ကြတယ်လို့ စက်ရုံအလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့မှာ စက်ရုံ အလုပ်ရုံ ၂၀၀ ကျော်ရှိပြီး မီးသတ်စနစ် ပညာပေးမှုကို မဲဆောက်မြို့ ထပ်ဆိုင်လွပ် မီးသတ်ဦးစီးအဖွဲ့က လက်တွေ့သရုပ်ပြ ပညာပေးခဲ့ပါတယ်။ လက်ရှိမှာ စက်ရုံပေါင်း ၅၀ ကျော် သရုပ်ပြ သင်ကြားပေးခဲ့ပြီးဖြစ်ပြီး ကျန်စက်ရုံတွေမှာလည်း ပြသသွားမယ်လို့ သိရပါတယ်။ ဖိုးစီ
4 months Ago
More News
Up