ထိုင်းနိုင်ငံမြောက်ပိုင်း ဗိသနုလုတ်ခရိုင်ထဲမှာ ဇန်နဝါရီ ၂၇ ရက် က မြန်မာရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်လာတဲ့ကားတစ်စီး လမ်းဘေးကနေအိမ်နဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားကို မတော်တဆဝင်တိုက်မိခဲ့လို့ ကားပေါ်ပါလာတဲ့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာ ရသွားပါတယ်။
ဖရူမ်ဖိလမ်မြို့နယ်အတွင်း ဗိဆနုတ်လုတ် - ဥဒရဒစ်သွား လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ တွေရှိကြောင်း သတင်းရလို့ လူနာတင်ယာဉ်နဲ့အတူ အမြန်ဆုံးသွားရောက်စစ်ဆေးခဲ့တယ်လို့ ဖရူမ်ဖိလမ်နယ်မြေရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
“အခင်းဖြစ်တဲ့နေရာကိုရောက်တော့ အဖြူရောင်ဟိုင်းလပ်ကားတစ်စီးဟာ လမ်းဘေးမှာ ရှိတဲ့ နေအိမ်တစ်လုံးနဲ့ အိမ်ရှေ့မှာရပ်ထားတဲ့ လယ်ယာလုပ်ငန်းသုံးကားတစ်စီးကို ဝင်တိုက်ထားတဲ့ အနေအထားကိုတွေ့ရှိတယ်။ ကားထဲကနေ အရင်ဆုံး ပါးစပ်မှာသွေးတွေထွက်နေတဲ့ လူတစ်ယောက်ကို တွေ့ပြီး တခြားထိခိုက်ဒဏ်ရာရသူ နောက်ထပ် ၄ ဦးကိုတွေ့လို့ ပဏာမအဖြစ်ရှေးဦး သူနာပြုစုပြီး အနီးဆုံးဖြစ်တဲ့ ဝပ်ဘိုဆဒ်ဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်”။
စစ်ဆေးချက်အရ ဒဏ်ရသူတွေမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး မြန်မာအလုပ်သမားတွေဖြစ်ကြောင်း၊ သူတို့ဟာ လမ်းပွန်းခရိုင်ကနေ ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင်ကိုသွားနေရာက အခုလို မတော်တဆထိခိုက်မှုဖြစ်သွားရတာလို့ သိရပါတယ်။
အဆိုပါအလုပ်သမားတွေဟာ နိုင်ငံထဲတရားဝင် ဝင်ရောက်လာခြင်းဟုတ်မဟုတ်၊ သက်သေ ခံအထောက်အထားရှိမရှိကို လဝက ရဲတပ်ဖွဲ့က စိစစ်နေဆဲဖြစ်ပါတယ်။
ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားတဲ့ကာလအတွင်း ရွှေ့ပြောင်းလုပ်သားတွေကို နယ်မြေထွက်ခွာခွင့်နဲ့ ခရီးသွားလာခွင့်ကို ကန့်သတ်ထားပါတယ်။
ကိုးကား- MGR Online