မြန်မာရွာ

April 25, 2021

တိုကျိုရှိ မြန်မာရွာတွင် နွေဦးတော်လှန်ရေး အာဇာနည်များအတွက် ဂုဏ်ပြုဆုတောင်း

ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာရွာလို့ တင်စားခေါ်ဝေါ်တဲ့ Takadanobaba မြို့မှာ နွေးဦးတော်လှန်ရေး အာဇာနည်တွေအတွက် ဘာသာအသီးသီးအလိုက် ဂုဏ်ပြုဆုတောင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီမြို့ဟာ မြန်မာလူမျိုးအများဆုံးနေထိုင်ပြီး မြန်မာစားသောက်ဆိုင်နဲ့ ကုန်ပစ္စည်းဆိုင်တွေ ရှိတဲ့အတွက် ဂျပန်အသိုင်းအဝိုင်းကပါ မြန်မာရွာလို့ ခေါ်နေကြတာပါ။

အကြမ်းဖက်စစ်ကောင်စီအောက်မှာ မြန်မာပြည်သူတွေ နေ့စဉ်သတ်ဖြတ်ခံနေရတာတွေကို စလိုက်ထိုး ပြသကာ ဂျပန်လိုရှင်းပြတဲ့အတွက် ဂျပန်လူမျိုးများလည်း စိတ်ဝင်းစားကာ ကြည်ရှု ကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာပြည်တွင်းက ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတွေရဲ့ မိသားစုနဲ့ထပ်တူ ကြေကွဲခံစားရတယ်ဆိုတာရယ်၊ တိုက်ပွဲဝင်ပြည်သူတွေကို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တထပ်တည်း ထောက်ခံနေတာကို ပြသချင်လို့ အခု လုပ်ရတာပါလို့ ဦးဆောင်သူ   ကိုမျိုးကြီးက ပြောပါတယ်။

ဆုတောင်းပွဲကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာအရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုး တွေအပါအဝင် စုစုပေါင်း လူ ၃၀၀ နီးပါး လာရောက်ခဲ့ကြပါတယ်။

ဧပြီ ၂၄ အထိ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ကျဆုံးသူ ၇၄၈ ဦး ရှိပြီး ၄၀၀၀ ကျော် ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားပါတယ်။

သတင်းဓာတ်ပုံ- ဇော်ဇော်လှိုင်

3 weeks Ago
Up