မြန်မာများသံရုံးအသိပေး

September 4, 2020

တိုင်ဖုန်းမုန်တိုင်း Haishen နှင့်ပတ်သက်၍ ဂျပန်ရောက်မြန်မာများကို သံရုံးအသိပေး 

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို  အင်းအားပြင်းတိုင်ဖုန်းမုန်တိုင်း Haishen နဲ့ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ဖို့  တိုကျိုအခြေစိုက်  မြန်မာသံရုံးက  စက်တင်ဘာလ ၄ ရက်နေ့မှာ  အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ မိုးလေဝသအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ အင်အားကြီးမားတဲ့ တိုင်ဖုန်း မုန်တိုင်း Haishen ဟာ တစ်ဖြည်းဖြည်း အင်အားကြီးမားလာပြီး ဂျပန်နိုင်ငံ၊ အနောက်တောင် ဘက်ပိုင်းရှိ ကျူရှူးကျွန်းမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့  စက်တင်ဘာ ၆ ရက် (တနင်္ဂနွေနေ့) နဲ့ ၇ ရက်နေ့ (တနင်္လာနေ့)တွေမှာ ဖြတ်သန်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ တိုင်ဖုန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံ၊ တောင်ဘက်ပိုင်းကို ဒီကနေ့ ချဉ်းကပ်လာနေပြီး၊ ဗဟိုချက်မှာ လေတိုက်နှုန်း တစ်နာရီလျင်  ၂၁၆ ကီလိုမီတာအထိ ရှိလာနိုင်မယ်လို့  ခန့်မှန်း ထားပါတယ်။ ဒါ့ကြောင့် အိုကီနာဝါကျွန်း၊ အာမားမိကျွန်း၊ ကျူရှူးကျွန်းနဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လိုအပ်တဲ့ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး အစီအမံတွေ ဆောင်ရွက်ထားကြဖို့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို အလေးထား လိုက်နာဆောင်ရွက်ကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။ အရေးပေါ်အခက်အခဲတွေနဲ့ ကြုံတွေ့ရပါက မြန်မာသံရုံးရဲ့ အရေးပေါ် ၂၄ နာရီ ဖုန်းအမှတ်၊ ၀၇၀-၄၄၁၃ ၇၃၈၃ ကို ဆက်သွယ်သတင်းပို့ကြဖို့  အသိပေးထားပါတယ်။
1 year Ago
Up