မြန်မာမိန်းကလေး

October 21, 2022

ကားဘော်ဒီလျှို့ဝှက်အပေါက်ထဲမှ လိုက်ပါလာသည့် မြန်မာမိန်းကလေး ၂ ဦးကို ထိုင်းရဲ ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ကားဘော်ဒီလျှို့ဝှက်အပေါက်ထဲကနေ တရားမဝင်လိုက်လာတဲ့ မြန်မာမိန်းကလေး ၂ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ ထိုင်းမှုခင်းသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ ရက်က နယ်စပ်လုံခြုံရေးတပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့ဟာ  မဲဆောက် - တာ့ခ်သွား ကားလမ်းမကြီးပေါ်ရှိ ဒန်မဲ့လမော့အုပ်စု ဟွေ့ယအုစစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မဲဆောက်ဘက်ကလာတဲ့ အဖြူရောင် အီဆူးဇူးဟိုင်းလပ်ကား ၁ စီးကိုလည်း ရပ်တံ့စစ်ဆေးခဲ့ပါတယ်။ 

ကားရှေ့ခန်းမှာ ယာဉ်မောင်းနဲ့ အမျိုးသားအဖော်တဦးလိုက်ပါလာပြီး ဥပဒေမဲ့ပစ္စည်းတွေ မပါရှိတာကြောင့် သွားခွင့်ပြုလိုက်ပါတယ်။

အဆိုပါယာဉ်ထွက်ခါနီးမှာ ရဲတပ်ဖွဲ့ဝင် တယောက်က ကားနောက်ခန်းကားဘော်ဒီမှာ ပုံမှန် မဟုတ်တာကိုတွေ့ရှိတာကြောင့် ဒုတိယအကြိမ်ပြန်စစ်ဆေးပြီး ရာဘာအခင်းကို ခွါကြည့်ရာမှာတော့ ဆက်ရာတွေ့ရှိပြီး ခွာကြည့်လိုက်ရာ လျှိ့ဝှက်အပေါက်ထဲမှာ မိန်းကလေး နှစ် ယောက် လဲလျောင်းလိုက်ပါလာတာကို အံ့ဩစွာတွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

မိန်းကလေး နှစ်ယောက်ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး လက်မှတ်အ ထောက်အထားမရှိတာကြောင့် အဖမ်းခံရမှာစိုးရိမ်ပြီးအခုလို လိုက်လာတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ယာဉ်မောင်းနဲ့အဖော်ကိုရော၊ မိန်းကလေး နှစ်ယောက်ကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ ဖဝေါနယ်မြေရဲစခန်းကို ဆက်လက်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်မငြိမ်သက် ၊ စားဝတ်နေရေး ကျပ်တည်းပြီး ဘဝလုံခြုံမှုလည်းမရှိတာကြောင့် ပြည်သူတွေဟာ ပြင်ပကိုထွက်ပြီးရှာ ဖွေလုပ်ကိုင်လာကြရပြီး အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ နေ့စဉ်ဝင်ရောက်ရာမှာ အဖမ်းဆီးခံရတာဖြစ်ပါတယ်။ 

2 months Ago

September 26, 2022

ထိုင်းနိုင်ငံတွင် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင်ထဲမှာ အသက် ၁၃ နှစ်ရွယ် မြန်မာမိန်းကလေးကို အလုပ်ရှင်က အိမ်ဖော်လုပ်ဖို့ လာခေါ်သွားပြီး လမ်းခုလတ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီလောက်က ၁၃ နှစ်ရွယ် သမီးဖြစ်သူကို အလုပ်ရှင်က အိမ်ဖော်အလုပ်ပေးမယ်ဆိုပြီး ခေါ်သွားရာက လမ်းခုလတ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းကျော်ဝင်းက နွန်ထပူရီခရိုင် ဘန်ဘိုထောင်းန်နယ်မြေရဲ စခန်းမှာ သွားရောက်တိုင်တန်းခဲ့ပါတယ်။ 

ဒီမတိုင်ခင်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အိမ်အကူအလိုရှိကြောင်း ကြော်ငြာထားတာ တွေ့လို့ ဆက်သွယ်ရာက ၂၂ ရက်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်ဆိုတဲ့ အသက် ၃၉ နှစ်ရွယ် ထိုင်းအမျိုးသား နိုင်းဆူဖချိုင်းယင့်နိယုမ်းက  မိန်းကလေးကို အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်သွားခဲ့တာပါ။

ဒါပေမယ့် သူက အဲဒီမိန်းကလေးကို မိုတယ်တခုခေါ်သွားပြီး လက်နဲ့ဖြေဖျောက်ခိုင်းကာ ကိစ္စပြီးတော့ မိန်းကလေးကို  ကုန်တိုက်တခုရှေ့မှာ ကားပေါ်ကနေ ချထားခဲ့တယ်လို့ သိရပါတယ်။

ရဲတွေက သူ့ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ ကားသွားရာလမ်းကြောင်းတွေ လိုက်လံစုံစမ်းပြီး စက်တင်ဘာ ၂၄ ရက် မနက် ၁ နာရီကျော်မှာတော့ ဘန်ဘိုးထောင်းမြို့နယ်၊ ကန်မဏီးရပ်ကွက်က နေအိမ် တအိမ်မှာ ပုန်းခိုနေတဲ့ နိုင်းဆူဖချိုင်းကို  သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ သူနဲ့အတူ မိန်းကလေးကို သွားကြိုခဲ့တဲ့ မီးခိုးရောင်ယာလီကားနဲ့ အိုင်ဖုန်း တလုံးကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ လူမှုဝန်းကျင်အတွက် အန္တရာယ်ရှိတာကြောင့် အမှုကို  နွန်ထပူရီခရိုင်ရဲမှူးကြီး ကိုယ်တိုင် နိုင်းဆူဖချိုင်းကို အချိန် ၁ နာရီကျော် စစ်ဆေးရာမှာတော့ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။

နိုင်းဆူဖချိုင်းဟာ အရင်ကလည်း  စားသောက်ဆိုင်ပိုင်ရှင်၊ ကုမ္ပဏီပိုင်ရှင် အယောင်ဆောင်ကာ မိန်းကလေးတွေကို မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်းနဲ့ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမား မိန်းကလေးတွေကို ဦးတည်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမိန်းကလေးတွေဟာ ထိုင်းစကားမတတ်၊ နေရာဒေသ မကျွမ်းကျင်၊ လမ်းမမှတ်မိ၊ တချို့က တရားမဝင်အလုပ်သမားဖြစ်လို့ ရဲကိုမတိုင်ရဲတာကြောင့် သူတို့ကိုပဲ ရွေးပြီး ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ရဲစခန်းက သူ့ကို အရွယ်မရောက်သေးတဲ့မိန်းကလေးကို မိဘအုပ်ထိန်းသူနဲ့ကင်းကွာစေမှု၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးအား သွေးဆောင်ဖြားယောင်းပြီး မုဒိမ်းကျင့်ဖို့ ကြံစည်မှု တွေနဲ့  အမှုဖွင့်အရေးယူထားပါတယ်။ 

ဒီမတိုင်ခင် သူ့ရဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုခံခဲ့ရတဲ့ မိန်းကလေးတွေအနေနဲ့လည်း ဘန်ဘိုးထောင်း ရဲစခန်းမှာ လာရောက်တိုင်ကြားပြီး သက်သေထွက်ဆိုပေးဖို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ 

2 months Ago
More News
Up