မြန်မာဘောလုံးအဖွဲ့ချုပ်

May 26, 2020

အေဂျက်ဇ်၊ ဒေါ့မွန်အသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်  မြန်မာဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ဟော်လန်ကလပ် အေဂျက်ဇ်၊ ဂျာမနီကလပ် ဒေါ့မွန်အသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အဲဒီ ၂ သင်းထဲကနေ ဘယ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ ဆွေးနွေးနေဆဲ ဖြစ်ပြီး အေဂျက်ဇ်အသင်းနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။ အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် လက်ရှိ  မြန်မာဘောလုံးအကယ်ဒမီတွေမှာ နည်းစနစ်ဒါရိုက်တာဟောင်း အဲရစ် လုပ်ဆောင်ခဲ့တဲ့အတိုင်း အပြောင်းအလဲ သိပ်မရှိဘဲ လုပ်ဆောင်နိုင်တယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာလူငယ်တွေအနေနဲ့ ဥရောပကို ထွက်ကစားနိုင်မယ့် နည်းလမ်းလည်း လမ်းပွင့်သွားနိုင်ပြီး အကယ်ဒမီတွေရဲ့ သင်ကြားမှုတွေဟာလည်း ကမ္ဘာ့အဆင့်ဝင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကမ်းလှမ်းဆဲ အခြေအနေသာဖြစ်ပြီး ငွေကြေး ဘယ်လောက်ပေးရမလဲ ဆိုတာကိုတော့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်တဲ့အချိန်ရောက်မှ သိရှိရမယ်လို့ သိရပါတယ်။ ပူးပေါင်းဆောင်ရွက်ခွင့်ရမယ် ဆိုရင်တော့မြန်မာ ကစားသမားတွေအတွက် အကျိုးရှိစေမယ့်အပြင် မြန်မာနည်းပြတွေဟာလည်း  အေဂျက်ဇ်နည်းပြတွေဆီမှာ လေ့လာသင်ကြားနိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
1 year Ago

November 15, 2019

တာဂျစ်စတန်အား အနိုင်ယူခဲ့သည့် မြန်မာအသင်းကို AYA Bank က ကျပ်သိန်း ၇၀၀ ချီးမြှင့်

ကမ္ဘာ့ဖလား ၂၀၂၂ ခြေစစ်ပွဲမှာ တာဂျစ်စတန်အသင်းအား အနိုင်ရရှိခဲ့တဲ့ မြန်မာလက်ရွေးစင်အမျိုးသားအသင်းကို AYA Bank က ကျပ်သိန်း ၇၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဖလား ၂၀၂၂ ခြေစစ်ပွဲကို မနေ့ညနေပိုင်းက မန္တလာသီရိကွင်းမှာ ကျင်းပခဲ့ပြီး မြန်မာအသင်းက တာဂျစ်စတန်အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာအသင်းဟာ တာဂျစ်စတန်အသင်းကို အကောင်းဆုံး စိတ်ဓာတ်စုစည်းမှုနဲ့ ယှဉ်ပြိုင် ကစားနိုင်ခဲ့တာကြောင့် AYA Bank က ဂုဏ်ပြုချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။ မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (ခ) မှာ မွန်ဂိုလီးယားကို  ၁ ဂိုး ဂိုးမရှိ၊ ကာဂျစ္စတန်ကို ၇ ဂိုး ဂိုးမရှိ၊ ဂျပန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ သုံးပွဲဆက် ရှုံးနိမ့်ထားပြီး အခုပွဲက ပထမဆုံးနိုင်ပွဲဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(စ)မှာ ဂျပန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ မြန်မာ နဲ့ မွန်ဂိုလီးယားအသင်းတို့ ပါဝင်ပြီး ဒီပွဲအနိုင်ကြောင့် မြန်မာအသင်းက ၃ မှတ်ရခဲ့ပေမယ့် မွန်ဂိုလီးယားအသင်းက ဂိုးကွာခြားချက်အသာရနေလို့ အုပ်စုအောက်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာတော့ မွန်ဂိုလီးယားအသင်းနဲ့ မန္တလေးမြို့မှာ ယှဉ်ပြိုင်ကစားရမှာပါ။
2 years Ago
Up