မြန်မာဘက်မှဝင်လာသူ

May 20, 2020

မြန်မာဘက်မှဝင်လာသည့် လူကုန်ကူးခံရသူ ၁၂ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံဘက်ကနေ လူကုန်ကူးခံရပြီး တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူ ၁၂ ယောက်ကို မေလ ၁၉ ရက်နေ့ညပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်ခရိုင်ထဲမှာ ဖမ်းဆီးရ မိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။        ဖမ်းဆီးခံရသူတွေထဲမှာ အရွယ်ရောက်ပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၈ ယောက်အပါအဝင် ၃ နှစ်အရွယ် ယောကျ်ားလေးတယောက်၊ ၉ နှစ်အရွယ် မိန်းကလေး တယောက်လည်း ပါဝင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။        သူတို့ကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးက ငှားရမ်းထားတဲ့ အခန်းတခန်းမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါ တယ်။        မေးမြန်းစစ်ဆေးကြည့်ချိန်မှာတော့ သူတို့ဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ အတွက် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ က လာရောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါ တယ်။        လူကုန်ကူးသူ ပွဲစားတွေကတဆင့် မဲဆောက်နယ်စပ်ကနေ ဖြတ်သန်းဖို့ ဘတ်ငွေ ၁၄၀,၀၀၀ ပေးဖို့ သဘောတူညီခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှာ ကြိုတင်ငွေစဘော်အနေနဲ့ မြန်မာငွေကျပ် ၅၅ သိန်းရဲ့ တဝက်ကို ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။        ထိုင်းနိုင်ငံဘက်ရောက်ရှိချိန်မှာတော့ ထိုင်းအမျိုးသား ၂ ယောက်ဖြစ်တဲ့ ရို(၄၇ နှစ်) နဲ့ မောင်ကော်လ်(၃၈ နှစ်)တို့က သူတို့ကို နေစရာစီစဉ်ပေးခဲ့ကြပြီး လက်ရှိမှာတော့ သူတို့ ၂ ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။        လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ ၁၂ ယောက်ကို ဥပဒေအရ တရားဝင်လုပ်ထုံး လုပ်နည်းတွေနဲ့အညီ စစ်ဆေးပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဓာတ်ပုံ- Bangkok post
11 months Ago
Up