မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားဒေသ၊ ဆာရေးမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ ဒေသအချိန် နိုဝင်ဘာ ၂၆ ရက် နေ့လယ်က ကျင်းပပါတယ်။
မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်လက်အောက်မှာ အခက်အခဲ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ပြည်သူလူထုတွေအတွက် ကနေဒါရောက် မြန်မာတွေအတွက် ဆုတောင်းပေးခဲ့ကြပြီး Arcadia တီးဝိုင်းနဲ့အတူ ဒေသခံ ဝါသနာရှင်တေးသံရှင်တွေက တေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။
ဒီပွဲမှာ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ် ဖဲကြိုးဖြူလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေး အမှတ်တရပစ္စည်းတွေအတွက် ကံစမ်းမဲဖောက်ပွဲကျင်းပခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်ဒုက္ခသည်တွေအပါအဝင် မြန်မာပြည်က လိုအပ်နေသူတွေအတွက် ကူညီလှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။
မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ သံဃာ့သမဂ္ဂအဖွဲ့က မြန်မာပြည်ငြိမ်းချမ်းစေဖို့ ရည်ရွယ်ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မနက်ပိုင်းက ရဟန်းသံဃာအပါး ၆၀ ခန့်စုပေါင်းပြီး မင်္ဂလသုတ်၊ မောရသုတ် ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။