မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇူလိုင်လ နောက်ဆုံး အပတ်မှာစတင်ဖို့ ပြင်ဆင်ထားပြီး ကလပ်အသင်းတွေအားလုံးက အသင်းသားတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးမှု ခံယူရမယ်လို့ လိဂ်စီအီးအို ဦးစိုးမိုးကျော်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ပြိုင်ပွဲကျင်းပမယ့်ကွင်းတွေကိုလာရောက်စစ်ဆေးခဲ့ပါတယ်။
လိဂ် (၁) က ပြိုင်ပွဲဝင် အသင်း ၁၀ သင်းနဲ့ လိဂ် (၂) ပြိုင်ပွဲ ဝင်အသင်း ၈ သင်းက ကစားသမားတွေ အပြင် အုပ်ချုပ်နည်းပြအဖွဲ့နဲ့ တခြားဝန်ထမ်းတချို့ကိုပါ စစ်ဆေးသွားရမှာဖြစ်ပြီး ဘယ်လိုအစီအစဉ်နဲ့ စစ်ဆေးမလဲဆိုတာကို ဆက်လက် ညှိနှိုင်းရဦးမယ်လို့ လိဂ်စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။
အသင်းတစ်သင်းမှာ မှတ်ပုံတင်ထားတဲ့ ကစားသမား ၃၀ ဦးရှိပြီး နည်းပြ အုပ်ချုပ်မှုအဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၃၈ ဦးရှိတာကြောင့် တခြားဝန်ထမ်းတချို့အပါအဝင် တစ်သင်းကို လူ ၅၀ ခန့် စစ်ဆေးရနိုင်ပါတယ်။
ကိုဗစ်- ၁၉ စစ်ဆေးအပြီးမှာ ပိုးတွေ့ရှိခြင်းမရှိရင်တော့ ဇူလိုင်၂၈ ရက်နေ့မှာ မြန်မာလိဂ်ပြိုင်ပွဲကိုရော ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲကိုပါ တစ်ပြိုင်နက်ကျင်းပဖို့ စီစဉ်ထားပြီး လိဂ် (၂) ပြိုင်ပွဲကို ဩဂုတ်လ ၁ ရက်မှာ စတင်ဖို့ လျာထားတယ် လို့သိရပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့တဲ့ သူတွေ ရှိခဲ့ရင်တော့ သီးသန့်ထားရှိပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့ ရှိပါတယ်။
မြန်မာနေရှင်နယ်လိဂ် (၁) မှာ အသင်း ၁၂ သင်းရှိပေမယ့် ဇွဲကပင်ယူနိုက်နဲ့ ချင်းယူနိုက်တက်အသင်းတွေက ပြိုင်ပွဲမပြီးခင်မှာ ဖျက်သိမ်းခဲ့ပါတယ်။
Photos- MFF/YUFC
8 months Ago