မြန်မာနိုင်ငံ သံတမန်

A d v e r t i s e m e n t With Us

June 8, 2020

အောင်လအန်ဆန်ကို foodpanda ၏ မြန်မာနိုင်ငံ သံတမန်အဖြစ် ခန့်အပ်

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ကို foodpanda ရဲ့  မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့စာချုပ်ချုပ်ဆိုကာ သံတမန်တဦးအဖြစ် ဆောင်ရွက်နေတဲ့ အောင်လဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အာရှတိုက်ရဲ့ ဈေးကွက်အကြီးမားဆုံး ရရှိထားတဲ့ အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ foodpanda နဲ့ လက်တွဲခဲ့တာပါ။ အောင်လအန်ဆန်က “foodpanda မိသားစုဝင် တစ်ယောက်ဖြစ်ရတာ ကျနော် အရမ်းကျေနပ်မိပါတယ်။ အစားအစာဖြန့်ဖြူးရေးလုပ်ငန်းဆိုတာ လူတွေက ကိုယ်စားချင်တာကို ကလစ်ကလေးတစ်ချက်နှိပ်ရုံနဲ့ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ကပ်ဆိုးကာလအတွင်း အစားအသောက်ကောင်းကောင်းစားသောက်ဖို့က အရေးကြီးသလို အစားအစာတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။ မြန်မာအစားအစာတွေက ကျနော့်ဘဝရဲ့ကြီး မားတဲ့ အစိတ်အပိုင်းတခုပါပဲ။ ဘယ်နေရာကိုပဲရောက်နေပါစေ ကျနော့်ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို မြန်မာအစားအစ‌ေတွေနဲ့ မိတ်ဆက်ပေးလေ့ရှိပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပေမယ့် မွေးရပ်မြေမြန်မာနိုင်ငံကို လွမ်းဆွတ်မိသလို ကိုဗစ်-၁၉ ကြောင့် ရန်ကုန်ကို ပြန်လို့မရသေးကြောင်း အောင်လက ဆိုပါတယ်။  ရောဂါကပ်ဆိုးကာလအတွင်း ဆရာဝန်၊ သူနာပြုနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးခဲ့ပြီး အစားအစာဖြန့်ဖြူးပေးနေတဲ့ delivery သမားလေးတွေရဲ့ လုပ်အားနှုန်းကိုလည်း အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။ foodpanda Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဇေယျာမင်းကလည်း မြန်မာနိုင်ငံသားတွေ ချစ်ခင်နှစ်သက်တဲ့ အောင်လအန်ဆန်နဲ့ စာချုပ်ချုပ်ခွင့်ရတဲ့အပေါ် ကျေနပ်မိတယ်လို့ ပြောပါတယ်။ “အောင်လအန်ဆန်ကို ကျနော်တို့ရဲ့ သံတမန်အဖြစ် ခန့်အပ်နိုင်ခဲ့လို့ ပျော်ရွှင်မိသလို ကြိုလည်းကြိုဆိုပါတယ်။ ဒီနှစ်ဦးနှစ်ဖက် မိတ်ဖက်မှုက မြန်မာလူမျိုးတွေ ချစ်ခင်နှစ်သက်ကြတဲ့ ကမ္ဘာ့ချန်ပီယံတစ်ယောက်နဲ့အတူ ဒေသခံစားသောက်ဆိုင်များရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ပြုဖို့ foodpanda ရဲ့ ကတိကဝတ်ကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ကျနော်တို့ဟာ ဒေသခံ စားသောက်ဆိုင်တွေနဲ့ ဖောက်သည်တွေကို စုစည်းပြီး အချိန်တိုအတွင်းမှာပဲ ပို့ဆောင်ခအခမဲ့နဲ့ ပို့ဆောင်ပေးနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ဦးဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အောင်လအန်ဆန်ကို မြန်မာစားသုံးသူတွေနဲ့ စတင်မိတ်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ကို မကြာခင် စတင်နိုင်မယ် လို့ မျှော်လင့်ပါတယ်။”  အစားအစာတွေကို အွန်လိုင်းကနေ မှာယူစားသုံးတာဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ရေပန်းစားလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကာလမှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်တာ၊ အတတ်နိုင်ဆုံး နေအိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားချိန်မှာ မိမိစားနေကျ စားသောက်ဆိုင်က အစားအစာတွေကို စားသောက်ချင်သူတွေအနေနဲ့ အိမ်ပြင်မထွက်ရအမိန့်ကြောင့် အခက်တွေ့ခဲ့ကြသူတွေကို food delivery ကုမ္ပဏီတွေက ဖြည့်စွမ်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ foodpanda ဟာ သက်တမ်းအားဖြင့် ၈ နှစ်ရှိနေပြီဖြစ်ပြီး အာရှပစိဖိတ်ဒေသမှာ ဝန်ဆောင်မှုတွေကို ပေးအပ်နေပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ရုံးချုပ်ထားရှိတဲ့ foodpanda ဟာ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံဈေးကွက်ထဲ စတင်ဝင်ရောက်လာခဲ့ပြီး စားသုံးသူတွေရဲ့ယုံကြည်မှုကို ရယူနိုင်တာ ကြောင့် ရန်ကုန်အပြင် မန္တလေး၊ ပုဂံစတဲ့မြို့တွေအထိပါ လုပ်ငန်းတွေချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လဟာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုကို ပထမဆုံး ရရှိဖူးသူဖြစ်ကြောင်း၊ ကမ္ဘာ့ချန်ပီယံတစ်ဦးဆိုတဲ့ မာန်မာနမရှိသလို သာမန်လူလို နှိမ့်ချမှုရှိတာကြောင့် စီးပွားရေးလုပ်ငန်းတွေက နှစ်ဦးနှစ်ဖက် အကျိုးရှိစေဖို့အတွက် အခုလို သံတမန်တအဖြစ် ခန့်အပ်လေ့ရှိကြပါတယ်။
9 months Ago
Up