မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

October 14, 2021

ရုပ်ရှင်အနုပညာရှင်များကို အာဏာသိမ်းစစ်ကောင်စီက ငွေပေးစည်းရုံး

အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က ရုပ်ရှင်အစည်းအရုံးကို ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့သလို သက်ကြီး ရုပ်ရှင်အနုပညာရှင်တွေကိုလည်း ထောက်ပံ့ကြေး  ကျပ် ၁၀ သိန်းနဲ့ ကြက်ဥ၊ ဆန်၊ ဆီ၊တွေ ပေးပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီထံက ထောက်ပံကြေးလက်ခံရရှိခဲ့တဲ့ သက်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒေါ်ပုလဲက “နိုင်ငံတော်ဝန်ကြီးချုပ်က ဒီလိုမျိုး ပံ့ပိုးပေးမယ်ဆိုတာ လုံးဝမထင်ထားဘူး။ မျှော်လည်း မျှော်လင့်မထားဘူး ပေါ့နော်။ အိမ်ကို တပ်မတော်အရာရှိနဲ့အဖွဲ့ ရောက်လာပြီး ထောက်ပံ့ကြေး ကျပ်ငွေ ၁၀ သိန်း၊ ဆန်တစ်အိတ်၊ ဆီနဲ့ ကြက်ဥအလုံး ၅၀ လာပြီး ထောက်ပံ့တော့ အံ့ဩဝမ်းသာ ဝမ်းနည်းကြီးဖြစ်သွားတယ်။”လို့ ပြောတဲ့ အကြောင်း ဒီနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ‌ ဖော်ပြပါတယ်။ 

ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်းကလည်း” ဒီနေ့မှာ ဝန်ကြီးချုပ်ကြီးနဲ့ မမကြူ တို့က ငွေကျပ်သိန်း ၁၀၀ လှူတဲ့အတွက် အထူးကို ကျေးဇူးလည်းတင်တယ်။ ကြည်နူးတယ်။ ကျေနပ်ပါတယ်။ ကျွန်မ ဝမ်းသာခြင်းသုံးမျိုးကို ခံစားထားရတာကို ဝန်ကြီးချုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ ပြောပါမယ်။ အခုလို အနုပညာရှင်သက်ကြီးပူဇော်ပွဲကို ထောက်ပံ့မှုပေးတဲ့အပေါ် အတိုင်းမသိ ကျေးဇူးတင်ရပါတယ်ကွယ်။”လို့ ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်မနက်က ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အရင်က ပုံမှန်  ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကာ  ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အသိုက်အဝန်းက မိသားစုတွေ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား ကျင်းပလေ့ရှိတာပါ။

အခုနှစ်မှာတော့ (၄၄) ကြိမ်မြောက်   ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ အပေါင်းပါတွေနဲ့ သက်ကြီး ရုပ်ရှင်အနုပညာရှင်တချို့သာ တက်ရောက်တာတွေ့ရပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြီး ရုပ်ရှင် အနုပညာတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေကြောင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်နယ်ပယ်ကို စွန့်ခွာသွားကြသူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောပါတယ်။ 

မြန်မာရုပ်ရှင်လုပ်ငန်းဟာ အန်အယ်လ်ဒီ အစိုးရလက်ထက် အရည်အသွေးရော အရေအတွက်ပါ သိသိသာသာ တိုးတက်လာပြီး ပရိသတ်အားပေးမှုတွေ တိုးတက်လာချိန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာ သိမ်းမှုကြောင့် အကြီးအကျယ်ထိခိုက်သွားခဲ့တာဖြစ်ပါတယ်။

တရားမဝင်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်အနုပညာရှင်တွေကို  စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးအကျဉ်းချထားသလို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်တာတွေလည်း လုပ်ဆောင်ထားပါတယ်။

Photo-MOI

2 days Ago
Up