ဥရောပ သမဂ္ဂ (အီးယူ)အနေနဲ့ စစ်အာဏာသိမ်းမှုအတွက် မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်မှု အသစ်တွေချမှတ်နိုင်ပေမဲ့ ပြည်သူတွေကို မထိခိုက်သင့်ဘူးလို့ အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲလ်က ပြောပါတယ်။
မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ နည်းလမ်း အားလုံးကို သုံးသပ်စဉ်းစားနေတယ်လို့ ဘော်ရဲလ်က ဥရောပ လွှတ်တော်အတွင်း အမတ်တွေကို ပြောတဲ့အကြောင်း တီအာရ်တီဝေါလ် သတင်းဌာနမှာ ဖော်ပြပါတယ်။
အီးယူကလမ်းဖွင့်ထားတဲ့ နည်းလမ်းတွေထဲက တခုကတော့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ လူတယောက်ချင်းကို ပစ်မှတ်ထား ဒဏ်ခတ်တာပဲလို့ ဘော်ရဲလ်က ပြောပါတယ်။
အီးယူဟာ မြန်မာနိုင်ငံဆီ လက်နက်တင်ပို့မှုကို တားမြစ်ပိတ်ပင် ထားပြီး ရခိုင်အရေးအခင်းမှာ သွေးစွန်းအောင်ဖြိုခွင်းမှုနဲ့ ပတ်သက်လို့ တပ်တော် အရာရှိ ၁၄ ယောက်ကိုလည်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာနဲ့ ပြည်ဝင်ခွင့် ပိတ်ပင်တာ စတဲ့ နည်းတွေနဲ့လည်း ဒဏ်ခတ်အရေးယူထားပါတယ်။
မြန်မာစစ်အာဏာသိမ်းမှုကိုတုံ့ပြန်ဖို့ ဥရောပသမဂ္ဂအတွက် ပတ်သက်တဲ့ အရာအားလုံး စားပွဲပေါ် ရောက်သင့် နေပြီလို့ ဥရောပလွှတ်တော်ဆိုင်ရာ ဂျာမနီ သံအမတ်ကြီးနဲ့ ဥရောပ လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဒေးဗစ် မက်အောလစ်စတာက ပြောဆိုလိုက်တယ်လို့ နိခဲအိ အေးရှ သတင်းမှာ ရေးပါတယ်။
စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာပဲလို့လည်း မက်အောလစ်စတာက တွစ်တာ လူမှု ကွန်ယက် ပေါ်ကနေ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒါ့အပြင် ထိန်းသိမ်းခံ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူ တွေကို ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်း ဆော်သြလိုက်ပါတယ်။
နယူးဇီလန်အစိုးရဟာ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ အဆင့်မြင့်နိုင်ငံရေးနဲ့ စစ်တပ်အဆက်အသွယ် အဆက်အဆံ အားလုံးကို ရပ်နားထားမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
နယူးဇီလန်နိုင်ငံဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ဒဏ်ခတ်ထားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကူအညီပေးရေး အစီအစဉ်တွေနဲ့ စစ်တပ်ကို အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းတွေမှာ ထည့်ဝင်တော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အာဒန်က ပြောပါတယ်။
နယူးဇီလန်နိုင်ငံဟာ စစ်တပ်ဦးဆောင်တဲ့ အစိုးရရဲ့ တရားဝင်မှုကို အသိအမှတ်မပြုကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်အားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အရပ်သားအစိုးရ အုပ်ချုပ်မှုကို ပြန်လည်အပ်နှင်းဖို့ စစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းပြီး ရွေးကောက်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ နေရာအနှံ့ပေါ်ပေါက်နေပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ အစိုးရရုံးဌာန ဝန်ထမ်းတွေလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှာ ပူးပေါင်းပါဝင်နေကြပါတယ်။