မြန်မာစစ်ဗိုလ်ချုပ်များ

November 20, 2021

မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် တရုတ်ရဲ့ သွေးပူလေ့ကျင့်ခန်း

အာဏာသိမ်းပြီး လအတော်ကြာမှာတော့ တရုတ်အစိုးရအနေနဲ့ ဘယ်လိုဖြစ်ဖြစ် မြန်မာပြည် တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ပဲ စဉ်းစားလာပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်တွေကို သူ့ရဲ့ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းက နိုင်ငံရေးပါတီတွေနဲ့ ပြုလုပ်တဲ့ အွန်လိုင်းထိပ်သီးအစည်းအဝေးကို စက်တင်ဘာလအတွင်းက ဖိတ်ကြားခဲ့ပါတယ်။ 

ဒါဟာ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်ဂေါ်သျှမ်းရဲ့ မြန်မာပြည်ကို တိတ်တဆိတ်လာရောက်ပြီး မကြာခင်မှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ ဆွန်ဂေါ်သျှမ်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့်တောင်းတာကို စစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။

ဆွန်ဟာ ဒီလထဲမှာလည်း မကြေညာတဲ့ နောက်ထပ်ခရီးစဉ်တခုနဲ့ မြန်မာပြည်ကို လာရောက်ခဲ့ပြန်ပါတယ်။

တရုတ်ရဲ့ အခုလို လုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို အသိအမှတ်ပြုသလို ရှိနေတာတောင်မှ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အစိုးရအဖြစ်က ဖယ်ရှားခံခဲ့ရတဲ့ အန်အယ်ဒီပါတီနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ဆန္ဒကို ထင်ဟပ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာက အန်အယ်ဒီပါတီကို မြန်မာပြည်ရဲ့ တရားဝင်ပါတီအဖြစ် သူ့ရဲ့စက်တင်ဘာလ အယ်ဒီတာအာဘော်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ အန်အယ်ဒီပါတီကို ထောက်ခံတာနဲ့ စစ်ကောင်စီကို ဖယ်ရှားပြီး အာဏာမသိမ်းခင်က အနေအထားကို ပြန်ရအောင်လုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ)ကို ထောက်ခံတာ နှစ်ခုကြားက ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိမြင်နေပါတယ်။ အန်ယူဂျီမှာ ယခင်ဝန်ကြီးဟောင်းတွေနဲ့ အန်အယ်ဒီပါတီဝင်ဟောင်းတွေ ပါနေပေမဲ့လည်း တရုတ်အတွက်ကတော့ တည်ငြိမ်မှုပျက်ပြားစေမယ့် အင်အားစုတွေအဖြစ်ပဲ မြင်နေပါတယ်။ 

အခုအချိန်မှာတော့ စစ်ကောင်စီက သူ့ရဲ့အာဏာကို တရားဝင်မဟုတ်တဲ့ အသိအမှတ်ပြုမှုရနေခဲ့ပြီး ဖြစ်သလို မြန်မာနိုင်ငံကို ထိထိရောက်ရောက် လုံးဝ ထိန်းချုပ်နိုင်လိမ့်မှာဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက်အပေါ်မှာ မူတည်ပြီး တရုတ်ဟာ ရှေ့တိုးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အစွမ်းအစကို သံသယတချို့ရှိနေတာတောင်မှ အာဏာသိမ်းပြီးကတည်းက ၉ လကျော်အကြာမှာ တရုတ်အာဏာပိုင်တွေက စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေခဲ့တာပါ။ 

အန်အယ်လ်ဒီနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို မပြတ်အောင် ထိန်းသိမ်းထားနေတုန်းမှာပဲ အခုအချိန်မှာ တရုတ်အစိုးရဟာ နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ အကျပ်အတည်းတွေကို မျက်ကွယ်ပြုပြီး မြန်မာပြည်အတွင်းရှိ သူ့ရဲ့အကျိုးစီးပွားတွေကို ရှေးရှုကာ အာဏာကို ဆုပ်ကိုင်ထားတဲ့ အုပ်စုနဲ့ ဆက်လက်ဆောင်ရွက်ဖို့ စဉ်းစားနေပါပြီ။

အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့တို့ရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျောထောက်နောက်ခံပြုပေးဖို့ အာဏာသိမ်းပြီးပြီးချင်း အချိန်မှာ တရုတ်က တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတ်လအတွင်းက ရန်ကုန်စက်မှုဇုန်ရှိ တရုတ်စက်ရုံတွေကို ရုတ်တရက် တိုက်ခိုက်ခံခဲ့ရတာဟာ တည်ငြိမ်မှုပျက်ပြားလာမှာကို စိုးရိမ်မှုမြင့်တက်လာပြီး တရုတ်အစိုးရအတွက် အဓိက အလှည့်အပြောင်းတခုအဖြစ် မှတ်သားလောက်စရာဖြစ်စေခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်က ဆန္ဒပြမှုတွေနဲ့ တရုတ် ဆန့်ကျင်ရေးစိတ်ဓာတ်တွေက ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီနဲ့ သူ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့သူတွေအကြား ပြောဆိုဆွေးနွေးကြဖို့ တရုတ်က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဖိအားများများမပေးတာအတွက်ကတော့ ဝင်ရောက်မစွက်ဖက်ရေးမူကိုပဲ ရည်ညွှန်းခဲ့တာပါ။ ဒါဟာ ဂျပန်၊ တောင်ကိုရီးယား၊ အနောက်နိုင်ငံတွေနဲ့ ဆန့်ကျင်ဘက်အနေအထားပါပဲ။ မြန်မာအစိုးရဝန်ကြီးဌာနတွေနဲ့ လုပ်ငန်းဆောင်ရွက်မှုကို ကာလရှည်ကြာ ရပ်နားထားပြီးတဲ့နောက် ဩဂုတ်လအတွင်း ပြန်စခြင်းအားဖြင့် တရုတ်ဟာ စစ်ကောင်စီနဲ့  ဆက်ဆံရေးတွေကို ထိထိရောက်ရောက် ပုံမှန်ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစပြီး တရုတ်ဝန်ကြီးဌာနတွေနဲ့ ဒေသန္တရအစိုးရတွေဟာ စစ်ကောင်စီရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းမှု၊ ကူးသန်းရောင်းဝယ်မှုနဲ့ တခြားကဏ္ဍတွေက အရာရှိတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိနေခဲ့တယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူက မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဂျေဆင်တာဝါက ပြောပါတယ်။ အဆိုပါလအတွင်းမှာပဲ ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် တရုတ်က မြန်မာကို ဒေါ်လာ ၆ ဒသမ ၁ သန်း ပေးအပ်ဖို့ သဘောတူညီချက်တခုကို နှစ်ဖက်စလုံးက အစပြုခဲ့ကြပါတယ်။ 

တရုတ်ရဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုဟာ ဆယ်စုနှစ်များစွာကြာတဲ့အထိ မြင့်မြင့်မားမားရှိခဲ့တာပါ။ ပေကျင်းအနေနဲ့ သူ့ရဲ့အနောက်တောင်ဘက်က အိမ်နီးချင်းကို သူ့ရဲ့ဩဇာအရိပ်အောက်မှာထားဖို့ ကြံစည်နေခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ရောက်စေမယ့် ခါးပတ်လမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ရင်းနှီးမြှုပ်နှံမှုတွေအရ နယ်စပ်ကို ဖြတ်ကျော်ဖိတ်လျှံလာမယ့် အန္တရာယ်ရှိတဲ့ အကျပ်အတည်းတခုကို ပေကျင်းအနေနဲ့ မျက်ကွယ်မပြုနိုင်ပါဘူး။ အာဏာသိမ်းပြီးတည်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် တိုက်ခိုက်တာတွေရှိခဲ့ပြီး အသိသာဆုံးကတော့ ဒေါ်လာသန်းနှစ်ထောင်တန်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ဖေဖော်ဝါရီလ အနှောင်းပိုင်းမှာတော့ ပိုက်လိုင်းရဲ့  လုံခြုံရေးကို တိုးမြှင့်ချထားပေးဖို့ တရုတ်အာဏာပိုင်တွေက စစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် တရုတ်က မြန်မာနိုင်ငံနဲ့ နယ်ခြားတလျှောက် ခြံစည်းရိုးခတ်လိုက်ပြီး ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေကို တပ်မတော်လို့ သိထားတဲ့ အာဏာသိမ်းစစ်တပ်ကိုရော ဆယ်စုနှစ်တွေနဲ့ချီ ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကိုပါ ပေးအပ်ခဲ့ပါတယ်။

စစ်တပ်ဟာ တရုတ်ဆီက ထောက်ပံ့မှုကို တရားဝင်အပြည့်အဝ ရနေပါတယ်။ ဒါပေမဲ့ တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွက် တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်တော်နဲ့ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း တရားမဝင်နည်းလမ်းနဲ့ ထောက်ပံ့ပေးနေတယ်လို့ ဂျေဆန်တာဝါက ပြောထားပါတယ်။ ဒါဟာ နယ်စပ်တလျှောက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တပ်မတော်ရဲ့ ကြီးမားတဲ့ စစ်အင်အားသုံးပြီး နှိမ်နင်းနိုင်စွမ်းကိုလည်း အကန့်အသတ်ဖြစ်စေပါတယ်။ စစ်တပ်အပေါ် တရုတ်ရဲ့ အသိအမှတ်ပြုမှုဟာ စစ်ခေါင်းဆောင်တွေကို တရားရုံးတင်ဖို့ ကြိုးပမ်းတဲ့လတွေ နောက်ပိုင်းမှာ နှေးကွေးလာပြီး အဓိကကျတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အရှိန်လျှော့ချ ဆောင်ရွက်နေတဲ့နေရာမှာ အသိသာဆုံးဖြစ်ပါတယ်။ 

စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေးဟာ ခန့်မှန်းခြေအားဖြင့် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တခြားကုမ္ပဏီတွေ နိုင်ငံအတွင်းမှ ထွက်ခွာနေတဲ့အချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စစ်ကောင်စီရဲ့ တရားဝင်မှုမျက်နှာစာတခုကို ဖြစ်စေပါတယ်။ တရားဝင်မှုကို ပြသဖို့အတွက် စစ်ကောင်စီဟာ စီးပွားရေးနာလန်ထဖို့ အသည်းအသန်လိုအပ်နေတာပါလို့ တရုတ်နိုင်ငံ ရှားမင်တက္ကသိုလ်မှာ အရှေ့တောင်အာရှအရေးကို အဓိကထားလေ့လာနေတဲ့ တရုတ်နွယ်ဖွား မြန်မာသုတေသီ ဝူကျင်ရှီက ပြောပါတယ်။

ဒေါ်လာသန်း ၂၅၀၀ တန် တရုတ်ရဲ့ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစီမံကိန်းတခုကို ဧရာဝတီတိုင်းဒေသကြီးရှိ မီးလင်းချိုင်မှာ မေလအတွင်း စစ်ကောင်စီက ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အခုချိန်ထိ တခုတည်းသော အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေမှာ ဆောင်ရွက်မယ့် ကော်မတီ ၃ ခုကိုလည်း ကိုယ်တိုင်ခန့်အပ်တဲ့သူတွေနဲ့ အစားထိုးပြီး အသိအမှတ်ပြုခဲ့ပါသေးတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေမှာ ကချင်နဲ့ ရှမ်းပြည်နယ်တွေက စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်တွေနဲ့ ရခိုင်က အထူးစီးပွားရေးဇုန်တခု ပါဝင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေး၊ ကျောက်ဖြူတို့ကို ဆက်သွယ်ပေးမယ့် စင်္ကြံလမ်းရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

“စစ်တပ်အာဏာပိုင်တွေက နှောင့်နှေးနေတဲ့ အဓိကအခြေခံအဆောက်အအုံ စီမံကိန်းတွေ ပြန်စလုပ်ဖို့ တရုတ်ကို တိုက်တွန်းနေပြီး တရုတ်ကတော့ ရှေ့ဆက်လိုတဲ့ သူ့ရဲ့ဆန္ဒကို ပြသတာမရှိသေးဘဲ သတိကြီးကြီးထားနေဆဲဖြစ်တယ်လို့ ကျနော် နားလည်တယ်” လို့ ဝူက ပြောပါတယ်။

ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း အဆိုပြုချက်ကို ပြန်လည်ညှိနှိုင်း ပြင်ဆင်လိုတဲ့ အရိပ်အယောင်ကို စစ်ကောင်စီက ပြသနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အန်အယ်လ်ဒီအစိုးရက မြန်မာရဲ့ ပိုင်ဆိုင်မှုအချိုးအစား မြင့်မားနေတာကို ပြန်လည်ညှိနှိုင်းပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လအနှောင်းပိုင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်း ရိုက်ခတ်နေတာတောင်မှ စစ်ကောင်စီက စီမံကိန်းကို ရှေ့ဆက်သွားဖို့အတွက် ဥပဒေဆိုင်ရာလုပ်ငန်းအတွက် တင်ဒါခေါ်ယူမှု စတင်ခဲ့ပါတယ်။

မြန်မာကောင်စီနဲ့ ဆက်ဆံရေးပြန်စတင်တဲ့အနေနဲ့ နိုင်ငံပိုင် တရုတ်စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်တဲ့ စီအိုင်တီအိုင်စီအဖွဲ့က လောလောဆယ်စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှု ဆောင်ရွက်ရန် သဘောတူညီမှုတခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီအချိန်မှာပဲ နိုင်ငံတကာအစိုးရတွေဆီက တရားဝင်အသိအမှတ်ပြုမှုကို စတင်တည်ထောင်တဲ့ ဧပြီလကတည်းက မျှော်လင့်ကြိုးပမ်းနေပြီး တခြားနိုင်ငံတွေနဲ့ တရားဝင်မဟုတ်တဲ့ ဆက်ဆံရေး လမ်းကြောင်း ဖွင့်လှစ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ကို တရုတ်က ငြင်းဆန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ သူ့ရဲ့ထောက်ခံမှုနဲ့ ဆောင်ရွက်နေတဲ့ လူထုအာဏာဖီဆန်အံတုတဲ့လှုပ်ရှားမှု၊ ကုမ္ပဏီတွေကို စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ အဆက်ဖြတ်ဖို့ ဖိအားပေးတာတွေနဲ့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ကို အားပေးကူညီခြင်းအားဖြင့် အစိုးရယန္တရား မလည်ပတ်နိုင်အောင် အနှောင့်အယှက်ပေးကာ စိန်ခေါ်လျှက်ရှိနေပါတယ်။ စစ်တပ်နဲ့ စစ်ကောင်စီ အရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာမိတ် တော်လှန်ရေးသမားတွေက အရှိန်မြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။

တရုတ်က မြန်မာပြည်မှာ လောင်းကြေးထပ်ထားတာတွေကို ကာကွယ်နေခြင်း

တရုတ်အရေး ကျွမ်းကျင်သူတွေနဲ့ လေ့လာသူတွေက ပေကျင်းဟာ စစ်ကောင်စီကို မြန်မာပြည်မှာ ကျိန်းသေပေါက် အနိုင်ရမယ့်သူအဖြစ် မြင်နေပြီး ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အလုပ်မလုပ်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို တွန်းအားပေးလျှက်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံမှုတွေရှိ နေတာတောင်မှ စစ်တပ်က အသာစီးရနေပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒါကို ပြောင်းလဲပစ်ဖို့ ခက်ခဲတယ်လို့ ရှားမင်းတက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ လေ့လာရေးဌာန ဒါရိုက်တာ ဖန်ဟောင်ဝေးက ပြောပါတယ်။

သူက “တကယ်လို့ တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် စာနာနားလည်မိတယ် ဆိုတာတောင်မှပဲ ပြောင်ပြောင်တင်းတင်း အဆက်အသွယ်လုပ်ဖို့ အဆင်မပြေဘူး” လို့ သူက ဆိုပါတယ်။

တရုတ်ဟာ မြန်မာ့တော်လှန်ရေး အရပ်သားခေါင်းဆောင်တွေအပေါ် အေးတိအေးစက်ဆက်ဆံတဲ့ နိုင်ငံအနည်းငယ်ထဲက တနိုင်ငံဖြစ်ပြီး အမြဲလို ဘေးလူကတဆင့်သာ ဆက်ဆံနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာနရဲ့ အရင်းအမြစ်တွေက ပြောပါတယ်။

“တရုတ်ဟာ ကျနော်တို့နဲ့ စကားပြောဖို့ကိစ္စ ခေါင်းမာလွန်းတာကို အံ့ဩမိတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းအေဂျင်စီက စစ်ကောင်စီ အရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။ 

“ပေကျင်းဟာ စစ်တပ်နဲ့ပဲ ပြောဆိုနေတာကတော့ အမှားကြီးတခုကို ကျူးလွန်နေတာပါပဲ။ ဒါဟာ သူကိုယ်တိုင် ဒေသတွင်းမတည်ငြိမ်မှုတွေကို မီးမွှေးနေတာပဲ၊ မြန်မာပြည်သူတွေက မင်းအောင်လှိုင်ကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် လက်မခံဘူးဆိုတာ တရုတ်အစိုးရ သိပါတယ်” လို့ ဒေါက်တာဆာဆာ ကထပ်မံဖြည့်စွက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ပေကျင်းဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ဖူးပါတယ်။ ဒါကို မထိန်းချုပ်နိုင်ပါက စစ်အစိုးရကို ပြန်ကြိုဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် လောင်းကြေးထပ်ဖို့ဆိုရင် တရုတ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေအပေါ် ဆန့်ကျင်တိုက်ခိုက်တာမျိုး လုပ်ကောင်းလုပ်လာနိုင်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်အရေး ရည်မှန်းချက်တွေအတွက်ကတော့ မငြိမ်သက်မှုတွေနဲ့ လူထုတုံ့ပြန်မှုတွေက လောင်းကြေးကို ပိုပြီးမြင့်တက်စေခဲ့ပါတယ်။ ဒါပေမဲ့ ကန့်လန့်ကာနောက်ကွယ်မှာတော့ တရုတ်ဟာ သူ့ရဲ့နယ်စပ်မှာ နောက်ထပ်ကျရှုံးနိုင်ငံတခုကို ကျားကန်ပေးနေရတာမျိုး ဖြစ်နိုင်ပါတယ်။

အေးမင်း(တာမွေ)

(ထိုင်ဝမ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ သတင်းထောက် ဂျွန်လီယူနဲ့ ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်သတင်းစာရဲ့ သတင်းထောက်ချုပ်နဲ့ တွဲဖက်အယ်ဒီတာဟောင်းဖြစ်သူ သွန်မ်ဆင်ချောင်တို့ Foreign Policy မဂ္ဂဇင်းဝက်ဘ်ဆိုက်မှာ ရေးသားထားတဲ့  “China Warms Up to Myanmar’s Generals”  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။) 

စာရေးသူ ဂျွန်လီယူဟာ ထိုင်ဝမ်အခြေစိုက် သတင်းထောက်တဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေကို အထူးပြုလေ့လာနေပြီး  Nikkei Asia, the Diplomat, Al Jazeera နဲ့ Frontier Myanmar တို့မှာ ရေးသားနေသူ ဖြစ်ပါတယ်။

စာရေးသူ သွန်မ်ဆင်ချောင်ကတော့ ယခင်ရန်ကုန်အခြေစိုက် Myanmar Times သတင်းစာရဲ့ သတင်းထောက်ချုပ်နဲ့ တွဲဖအယ်ဒီတာဟောင်းတဦးလည်း ဖြစ်ပါတယ်။ သူဟာ the Economist, the Financial Times, Nikkei Asia နဲ့ တခြားသတင်းစာတွေမှာ ရေးသားနေသူဖြစ်ပါတယ်။

2 weeks Ago
Up