မြန်မာခံနိုင်ပါ့မလား

March 27, 2020

ကိုဗစ်-၁၉ ဒဏ်ကို မြန်မာခံနိုင်ပါ့မလား

ကိုဗစ်-၁၉ က မမြင်ရတဲ့ သစ္ဆေတကောင်လို တကမ္ဘာလုံးကို လှည့်ပတ်ခြောက်နေတယ်။ မြန်မာပြည်မှာ အခုထိ တရားဝင်ဂဏန်းအရ လူမသေသေးပေမယ့် တတိုင်းပြည်လုံး ကပ်ကြီးဆိုက်နေတဲ့အတိုင်းပါပဲ။ မြန်မာပြည်မှာ ကျန်းမာရေးစနစ် ညံ့ဖျင်းတယ်။ အစိုးရ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိတယ်။ ဒီလိုနဲ့ တခုခု ဖြစ်လာရင် မနက်ဖြန်ပဲ အားလုံး သေကြတော့မယ့်အတိုင်း စိုးရိမ်ပူပန်နေကြတယ်။ အခုဆိုရင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်က တကမ္ဘာလုံးက ပြန့်နေတာဖြစ်လို့၊ မြန်မာပြည်လိုပဲ ဆင်းရဲမွဲတေတဲ့ နိုင်ငံတွေလည်း ရင်ဆိုင်နေရပါတယ်။ သတင်းကောင်းကနေ စပြောရအောင် အာဖရိကတိုက်ဘက် တချက် ကြည့်ရအောင်။ အပြင်က လူတွေအမြင်မှာ မြန်မာလိုပဲ ဆင်းရဲနုံချာတဲ့ အာဖရိကတိုက်မှာ ဒီကပ်ဘေးကြောင့် လူတွေ အတုံးအရုံး သေကြလိမ့်မယ်လို့ တွက်ကြတယ်။ ဒါပေမဲ့ အခုအထိ ဒီလို မဖြစ်ဘူး။ အာဖရိက ထင်သလောက် မဆိုးသေးဘူး။ ထိန်းထိန်းသိမ်းသိမ်း ထပ်ပြောရရင် အခုအထိတော့ အာဖရိကဟာ ထင်သလောက် အခြေအနေ မဆိုးသေးပါဘူး။ ရာသီပူရင် ရောဂါ မကူးဘူးလား ဘာဖြစ်လို့လဲ။ တကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၅ သိန်းကျော်နေပြီ၊ ၂၃၀၀၀ ကျော် သေဆုံးသွားတယ်။ အာဖရိကမှာ အခြေအနေမဆိုးတဲ့အကြောင်းကို တချို့ သိပ္ပံပညာရှင်တွေက ရာသီဥတုနဲ့ တစိတ်တပိုင်း ဆိုင်တယ်လို့ သုံးသပ်ကြတယ်။ တွေ့ရှိချက်တချို့က ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ မြင့်မားတဲ့ အပူချိန်အောက်မှာ အားနည်းသွားတယ်လို့ ဆိုတယ်။ ဒါကြောင့် ပူပြင်းတဲ့ အာဖရိကတိုက်က ခံသာနေတာလို့ ဆိုကြတယ်။ ဒီလို ပြောလို့ လုံးဝမကူးစက်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ပူပြင်းတဲ့ဒေသေတွေမှာ ရောဂါကို ထိန်းချုပ်ရတာဟာ အေးတဲ့ ဒေသတွေလောက် မခက်ခဲဘူးလို့ ဆိုလိုတာသာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာလည်း အပူချိန်မြင့်မားတဲ့ နွေရာသီထဲမှာ ဒီကပ်ရောဂါနဲ့ ရင်ဆိုင်နေရတာ ဖြစ်လို့ တစိတ်တပိုင်း ကံကောင်းနေသေးတာ ဖြစ်နိုင်ပါတယ်။ မြန်မာပြည်နဲ့ အနီးကပ်၊ ရာသီဥတုရော၊ လူတွေရဲ့ နေမှု ထိုင်မှု၊ ယဉ်ကျေးမှု အားလုံး တူနေတဲ့ ထိုင်းနိုင်ငံကို ကြည့်ရင်လည်း အခုထိ လူသေဆုံးမှုဟာ အီတလီလောက် မဆိုးသေးပါဘူး။ အခု စာရေးနေတဲ့အချိန် (မတ်လ ၂၆) အထိ ကူးစက်ခံထားရသူ ၉၃၄၊ သေဆုံးသူ ၄ ဦး ရှိပြီလို့ သိရပါတယ်။ အီတလီမှာ ၇ သောင်းကျော် ကူးစက်ခံရပြီး ၇ ထောင်ကျော် သေဆုံးသွားဖြစ်ပါတယ်။ စပိ်န်မှာ ၃ ထောင်ကျော်၊ အမေရိကားမှာ ၁ ထောင်ကျော် အီရန် ၂ ထောင်ကျော်၊ ပြင်သစ် ၁ ထောင့် ၃ ရာကျော် အသီးသီးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒီနိုင်ငံတွေထက် ထိုင်းနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေ ပိုကောင်းလို့လား မဖြစ်နိုင်ပါဘူး။ အနောက်နိုင်ငံတွေရဲ ကိန်းဂဏန်းတွေဟာ ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေထက်လည်း အများကြီး ပိုပါတယ်။ အခုအထိ အီဂျစ်မှာ ၅ ဦး၊ တောင်အာဖရိကမှာ သေဆုံးသူ တယောက်မှ မရှိသေးပါဘူး။ အသက်က စကားပြောသလား အခုအထိ တွေ့ရှိချက်တွေအရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ သဘာဝက သိမ်မွေ့ပါတယ်။ ဘယ်လောက်ထိ သိမ်မွေ့လဲဆိုရင် ရောဂါလက္ခဏာ မပြဘဲနဲ့ ရောဂါကူးစက်နေနိုင်ပါတယ်။ ဒါဟာ အခု ရောဂါထိန်းချုပ်ရေးရဲ့ အခက်အခဲဆုံးအပိုင်းပါပဲ။ ရောဂါရဲ့ ပြင်းထန်မှုကို လေ့လာကြည့်တဲ့အခါမှာ ကူးစက်ခံရသူတွေ အတော်များများဟာ ရောဂါ မပြင်းထန်၊ သို့မဟုတ် အလယ်အလတ် သဘောလောက်ပဲ ရှိပါတယ်။ (မြန်မာပြည်မှာ ကူးစက်ခံထားရသူ ၃ ‌ယောက်ရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်စရာမဟုတ်ဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်အထိ ၅ ယောက် ကူးစက်ခံထားရပါတယ်) ကျန်းမာရေးမကောင်းသူတွေ၊ အဆုတ်နဲ့ နှီးနွှယ်တဲ့ ရောဂါအခံရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရောဂါပြင်းထန်လေ့ရှိပါတယ်။ ဆင်းရဲပြီး ကျန်းမာရေးစနစ်တွေ ညံ့ဖျင်းတယ်ဆိုတဲ့ အာဖရိကတိုက်ကြီး ကြံ့ကြံ့ခံနိုင်နေသေးတာ ဒီကိစ္စနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အာဖရိကတိုက်ဟာ ကမ္ဘာ့တိုက်ကြီးတွေထဲမှာ လူငယ်လူဦးရေ အများဆုံးတိုက်ကြီး ဖြစ်ပါတယ်။ ဥရောပတိုက်ကတော့ သက်ကြီးရွယ်အိုတွေ အများဆုံးရှိနေတဲ့ တိုက်ကြီးပါပဲ။ သက်ကြီး လူဦးရေနဲ့ သက်ငယ် လူဦးရေကို တဝက်စီခွဲဖို့ အလယ်မှတ် (ဆုံမှတ်) ကို ရှာပြီး တွက်ချက်ပါတယ်။ ဒါကို median age လို့ ခေါ်ပါတယ်။ အာဖရိကတိုက်ကြီး လူကြီးနဲ့ လူငယ်တို့ကြားက ဆုံမှတ်က အသက် ၁၈ ဖြစ်ပါတယ်။ ဥရောပကရဲ့ ဆုံမှတ်က ဒီထက် ၂ ဆ ပိုပါတယ်။ အီတလီကတော့ ပိုဆိုးပါတယ်။ ၄၇ ဒသမ ၃ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးမှာ တကမ္ဘာလုံးမှာ ပျမ်းမျှသေနှုန်း ၃ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိနေတဲ့ အချိန်မှာ အီတလီက ၉ ရာခိုင်နှုန်းလောက် ဖြစ်နေတာဟာ တိုက်ဆိုင်မှု သက်သက်တော့ မဖြစ်နိုင်ပါဘူး။ သတင်းကောင်းကတော့ မြန်မာပြည်ဟာလည်း အာဖရိကလိုပဲ ဆင်းရဲ အားနည်းချက်တွေ ရှိနေသလို၊ အာဖရိကလိုပဲ ကံကောင်းတာတွေလည်း ရှိပါတယ်။ အပူပိုင်းဒေသ ဖြစ်တာရယ်၊ မြန်မာပြည်ဟာ လူငယ် လူဦးရေများတဲ့ နိုင်ငံ ဖြစ်နေတာကို ဆိုလိုတာပါ။ ဒီလိုပြောလို့ မြန်မာပြည်အတွက် ပူစရာ မလိုဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ကနဦး တွေ့ရှိချက်တွေသာ အမှန်ဆိုရင် ကျနော်တို့ ကံမဆိုးနိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကပ်ဘေးမှာ အစိုးရတွေရဲ့ စွမ်းဆောင်ရည်ဟာ ကျန်းမာရေးစနစ်တွေ ဘယ်လောက် ကောင်းနေသလဲ ဆိုတာထက်တောင် ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးစနစ်တွေ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော၊ လူတွေ အစုလိုက်အပြုံလိုက် နာမကျန်း ဖြစ်လာရင် ဘယ်စနစ်မှ ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ပါဘူး။ စောစောက အီတလီနဲ့ တခြားနိုင်ငံတွေကိုပဲ ဥပမာ ပေးပါရစေ။ အိန္ဒိယ နမူနာ မြန်မာပြည်နဲ့ အနီးဆုံး အိန္ဒိယဟာလည်း တကယ်တော့ မြန်မာပြည်လိုပဲ ဆင်းရဲသားတွေ အများကြီးရှိနေတဲ့ နိုင်ငံပါပဲ။ အိန္ဒိယရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအကြောင်းပြောရရင် ဂျီဒီပီရဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းပဲ သုံးစွဲပါတယ်။ နီပေါတောင် ၆ ရာခိုင်နှုန်းကျော် သုံးစွဲပါသေးတယ်။ အမေရိကန် ပြည်ထောင်စုဆိုရင် ၁၇ ရာခိုင်နှုန်း၊ ဂျာမနီက ၁၁ ရာခိုင်နှုန်းကျော်နဲ့ ယူကေက ၁၀ ရာခိုင်နှုန်းနီးပါး သုံးစွဲပါတယ်။ အိန္ဒိယမှာ လူဦးရေအချိုးနဲ့ တွက်ရင် လူ ၁၀၀၀ အတွက် ခုတင်တဝက်ပဲ ရှိပါတယ်။ နောက်တနည်း ပြောရရင် လူ ၂၀၀၀ အတွက် ခုတင်တလုံးပဲ ရှိပါတယ်။ WHO ကတော့ လူ ၁၀၀၀ မှာ ခုတင် ၅ လုံး ရှိသင့်တယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ လူ ၁၀၀၀ အတွက် ဆရာဝန်တယောက်တောင် မရှိတတ်ပါဘူး။ အခုလောလောဆယ် ကိုဗစ်-၁၉ ဒဏ် အလူးအလဲ ခံနေရတဲ့ အီတလီက အိန္ဒိယထက် လူဦးရေနဲ့ ဆရာဝန်အချိုးမှာ ၅ ဆ ပိုပါတယ်။ အခုစာရေးနေတဲ့ အချိန်အထိ သတင်းတွေအရ အိန္ဒိယမှာ ရောဂါကူးစက်ခံထားသူ ၆၆၄၊ သေဆုံးသူ ၁၂ ဦး ရှိပြီလို့ သိရပါတယ်။ အိန္ဒိယလူဦးရေ၊ အိန္ဒိယရဲ့ လူနေမှု ပုံစံတို့နဲ့ တွက်ရင် ဒီပမာဏဟာ မယုံနိုင်စရာ နည်းသေးတယ်လို့ ပြောရပါမယ်။ မယုံချင်သူတွေက တောင်ကိုရီးယားမှာလိုမျိုး လူတွေ အများကြီးကို မစစ်လို့ တွေ့တာ နည်းသေးတာလို့ ဆိုကြပါတယ်။ မြန်မာပြည်မှာလည်း အခုထိ လူနာအရေအတွက် နည်းသေးတာကို မယုံသူတွေ ရှိနေတာလည်း သဘာဝကျပါတယ်။ အိန္ဒိယတနိုင်ငံလုံးမှာ ရောဂါစစ်ဆေးရေးဌာန ၅၀ ကျော် ဖွင့်ထားပြီး စစ်ဆေးပါတယ်။ ဒီထက်ပိုပြီး အမှတ်ပေးရမှာကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေပါပဲ။ အိန္ဒိယမှာ ဖေဖော်ဝါရီလကတည်းက တရုတ်နဲ့ လေကြောင်းလိုင်းတွေကို ကန့်သတ်ခဲ့ပါတယ်။ ဝူဟန်ကနေ ပြန်လာတဲ့ အိန္ဒိယ ကျောင်းသားတွေကို မိသားစုတွေထံ မပြန်စေဘဲ သီးသန့်ခွဲပြီး စောင့်ကြည့်ခဲ့ပါတယ်။ ကျောင်းတွေကို ပိတ်ပစ်ခဲ့ပါတယ်။ စောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းပြီး ရောဂါ ကူးစက်နေတဲ့ နိုင်ငံတွေကနေ ဝင်လာသူတွေကို စောင့်ကြည့်တာ၊ ကျန်းမာရေး စစ်ဆေးတာတွေကို လုပ်ခဲ့ပါတယ်။ မတ်လဆန်းအထိ နိုင်ငံခြား ဧည့်သည် ၆ သိန်းကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး မသင်္ကာလို့ နမူနာတွေ စစ်ဆေးတဲ့ လူပေါင်း ၃၅၀၀ ရှိပါတယ်။ နောက်ဆုံး WHO ကျန်းမာရေးအဖွဲ့ ကူးစက်ကပ်ရောဂါအဖြစ် ကြေညာပြီး မကြာခင်မှာပဲ ပြည်ဝင်ခွင့် ဗီဇာတွေကို ဧပြီ ၁၅ အထိ ပိတ်လိုက်ပါတယ်။ မြန်မာပြည်နယ် နယ်စပ်ဝင်ပေါက်ကိုလည်း ပိတ်လိုက်ပြီး နိုင်ငံသားတွေကို မဖြစ်မနေခရီးကလွဲလို့ ခရီးမထွက်ဖို့ သတိပေးခဲ့ပါတယ်။ နိင်ငံခြားကနေ ပြန်လာသူတွေတိုင်းကို ၁၄ ရက် သီးသန့်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ အိန္ဒိယမှာ အခြေအနေ ကောင်းနေသေးတာဟာ တခြားအချက်တွေ ရှိနိုင်ပေမယ့် အရေးပေါ်ကာလ အစိုးရရဲ့ စီမံခန့်ခွဲမှုကိုပဲ အမှတ်ပေးရပါမယ်။ တရုတ်ရဲ့ အမှား ဒီကပ်ဘေးမှာ တရုတ်အစိုးရက အစကတည်းက ပွင့်လင်းရင် ဒီလောက် အခြေအနေ မဆိုးနိုင်ပါဘူး။ ဒါက ရှင်းပါတယ်။ ၂၀၁၉ နှစ်ကုန်တည်းက တရုတ်နိုင်ငံမြို့လေးတမြို့မှာ ဖြစ်ပျက်နေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြီး ထိထိရောက်ရောက် အရေးမယူခဲ့တာကြောင့် ဒီနေ့ ကပ်ဘေးအဆင့်ကို ရောက်ခဲ့ရတယ်ဆိုတဲ့ အချက်ကတော့ ငြင်းမရတဲ့ အချက်ပါပဲ။ ဒါဟာ တရုတ်အစိုးရရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း သတင်းထိမ်ချန်မှုနဲ့ စီမံခန့်ခွဲမှု အမှားသာ ဖြစ်ပါတယ်။ ဒါကို အစိုးရတွေက သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။ မြန်မာပြည်အတွက် ခေါင်းလောင်းသံ မြန်မာအစိုးရရဲ့ အရေးယူဆောင်ရွက်တွေကို အားမလို အားမရ ဝေဖန်သူတွေ ရှိနေပေမယ့် အခုအချိန်အထိ မြန်မာပြည်ဟာ အခြေအနေ မဆိုးသေးဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါကပ်ဘေးကြီးက ပြီးသွားမယ့်ပုံမပေါ်ပါဘူး။ ဆက်ပြီး ရင်ဆိုင်ရပါဦးမယ်။ မကြာခင်က ရန်ကုန်တိုင်းက အဆင့်မြင့် ကျန်းမာရေးအရာရှိတယောက်နဲ့ တီဘီရောဂါအကြောင်း ပြောဖြစ်တော့ မြန်မာတပြည်လုံးမှာ တီဘီရောဂါ ကျဆင်းနေပေမယ့် ရန်ကုန်တိုင်းကတော့ မကျသေးဘူးလို့ ကျနော့်ကို ပြောပြပါတယ်။ ဒါကြောင့် တကယ်တမ်း ရောဂါကူးစက်ပြီဟေ့ ဆိုရင်တော့ မြန်မာပြည်မှာ သေဆုံးနှုန်းက မိုးပေါ် ထောင်တက်သွားနိုင်ပါတယ်။ နောက်တခုကတော့ ထိုင်းနိုင်ငံကနေ အလုံးအရင်းနဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေပါပဲ။ မွန်ပြည်နယ်သားတယောက်အနေနဲ့ ကျနော် ပြောနိုင်တာက လူငယ်တွေက ထိုင်း၊ မလေးရှားတို့ကို သွားကြပြီး သက်ကြီးရွယ်အိုတွေက မြေးထိန်းရင် အိမ်စောင့်ကျန်ခဲ့ကြပါတယ်။ အခု ထိုင်း၊ မလေးရှားတို့မှာ ရောဂါကူးစက်နေပြီဖြစ်လို့ ငယ်ရွယ်ပြီး ကျန်းမာတဲ့လူငယ်တွေမှာ ရောဂါလက္ခဏာ မပြဘဲ၊ သို့မဟုတ် မပြင်းထန်ဘဲ ရောဂါကူးစက်နေနိုင်ပါတယ်။ သူတို့တွေ ကိုယ်ခံအားနဲ့ အလိုလျောက် ပြန်ကောင်းသွားနိုင်ပေမယ့် သက်ကြီးရွယ်အိုတွေကို ကူးစက်ခဲ့ရင် သူတို့တွေ သေဆုံးဖို့ များပါတယ်။ ဒီလို ဖြစ်လာခဲ့ရင် ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူမှ မလိုချင်တဲ့ အခြေအနေဆိုးကို မရောက်ဖို့ လူတိုင်း လူတိုင်း ကိုယ့်အပိုင်းက တာဝန်ယူဖို့ လိုပါတယ်။ အစိုးရက သူ့အလုပ် သူ လုပ်နေတဲ့အချိန်မှာ ပြည်သူတွေက ကပ်ဘေးကာလ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို အသာတကြည် အသိရှိရှိ တာဝန်သိသိနဲ့ လိုက်နာ ဆောက်ရွက်ကြမှ ဒီကပ်ဘေးဒဏ်ကို မြန်မာပြည်ကြီး ခံနိုင်ပါလိမ့်မယ်။ နေသွင်ညိဏ်း
1 year Ago
Up