မွန်ပြည်နယ်တွင်

December 29, 2017

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မုဒိန်းမှုနှင့် လူသတ်မှု အများဆုံးဖြစ်ပွား

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ မုဒိန်းမှုနဲ့ လူသတ်မှု အများဆုံးဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်မှု နဲ့ မတရားအသင်းဆက်သွယ်မှု စတဲ့ အမှုကြီး ၁၀ မှုအနက် ပြန်ပေးမှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ လက်နက်မှုတို့မှာ ၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ ဖြစ်ပွားခဲ့ခြင်းမရှိပေမယ့် လူသတ်မှု ၄၉ မှု နဲ့ မုဒိန်းမှု ၅၆ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အခြားထူးခြားတဲ့ မှုခင်းတွေအနေနဲ့ ချောင်းဆုံမှာ ဓားပြမှု ၁ မှု၊ မော်လမြိုင်မှာ ဖောက်ထွင်းမှု ၁ မှု၊ ပေါင်မြို့နယ်မှာ တိရစ္ဆာန်ခိုးမှု ၁ မှု၊ မတရားအသင်း ဆက်သွယ်မှုအနေနဲ့ ဘီးလင်းမှာ ၁ မှု နဲ့ ကျိုက်မရောမှာ ၂ မှု တို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မုဒိန်းမှုဖြစ်ပွားနှုန်းမှာ မော်လမြိုင်မြို့က ၁၂ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမှာ ၁၀ မှု နဲ့ ပေါင်မြို့နယ်မှာ ၉ မှု တို့နဲ့ ဒုတိယနဲ့ တတိယအများဆုံး ဖြစ်ပွားခဲ့ပါတယ်။ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးဦးစီး ပြည်နယ်ရဲမှူး မြင့်ဝင်းက “၂၀၁၇ မှာ မွန်ပြည်နယ်မှာ လူသတ်မှု ၄၉ မှု၊ ဓားပြမှု ၁ မှု၊ လုယက်မှု ၁၄ မှု၊ ဖောက်ထွင်းမှု ၁ မှု၊ မုဒိန်းမှု ၅၆ မှု၊ တိရစ္ဆာန်ခိုးမှု ၁ မှု နဲ့ မတရားအသင်း ၃ မှု စုစုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့ပါတယ်။ အများဆုံးဖြစ်ပွားခဲ့တာကတော့ လူသတ်မှုနဲ့ မုဒိန်းမှုပါ” လို့ ပြောပါတယ်။ သက်ငယ်မုဒိန်းမှုတွေ အပါအ၀င် မုဒိန်းမှုတွေ တိုးလာတာနဲ့ ပတ်သက်ပြီး ရဲမှူးက “မုဒိန်းမှု ဖြစ်ပွားမှု များလာတာက အွန်လိုင်းမှာ ညစ်ညမ်းဗွီဒီယိုကားတွေလည်း အလွယ်တကူ ၀င်ကြည့်လို့ ရတယ်။ လူတွေက စိတ်ကြွလာပြီးတော့ ဒီအမှုတွေ ဖြစ်တာများတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မုဒိန်းမှုလျော့နည်းကျဆင်းဖို့ ပညာပေးလုပ်ငန်းတွေပဲ လုပ်လို့ရမယ်။ အရင်တုန်းက ဆင်ဆာမဲ့ ဗွီဒီယိုတွေက ရုံနဲ့ပြတယ်။ အခုက ဖုန်းနဲ့ကြည့်လို့ရပြီဆိုတော့ ဒါတွေက ထိန်းချုပ်ဖို့ မလွယ်တော့ဘူး။ အခု ပညာပေးလုပ်ငန်းတွေကိုတော့ တောက်လျှောက်လုပ်နေပါ တယ်” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မွန်ပြည်နယ်မှာ လူသတ်မှု ၆၂ မှုအထိ ဖြစ်ပွားလာခဲ့ပြီး ၂၀၁၇ မှာ ၁၃ မှု လျော့နည်းလာကြောင်း၊ မုဒိန်းမှုအနေနဲ့ အရင်နှစ်က ၅၃ မှုဖြစ်ပွားခဲ့ပြီး အခုနှစ်မှာ ၅၆ မှုဖြစ်ပွားခဲ့တဲ့အတွက် ၃ မှုတိုးလာခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် နှစ်ခုပေါင်း အမှုပေါင်း၂၄၉၃ မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အာကာမင်း
4 years Ago

September 8, 2017

မွန်ပြည်နယ်တွင် အရည်အသွေးမြင့် ရာဘာပြားစက်ရုံ ၂၀ ကျော် ထပ်မံတည်ဆောက်မည်

မွန်ပြည်နယ်မှာ အရည်အသွေးမြင့် ရာဘာပြားစက်ရုံ ၂၀ ကျော် ထပ်မံတည်ဆောက်သွားမယ်လို့ စိုက်ပျိုးမွေးမြူရေးဦးစီးဌာနက ပြောပါတယ်။ မွန်ပြည်နယ်မှာ နိုင်ငံတကာကို တင်ပို့နိုင်မယ့် ရာဘာအရည်အသွေး မရရှိလို့ မွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်တွေနဲ့ ပြည်နယ်အစိုးရအပါအ၀င် သက်ဆိုင်ရာဌာနတွေက ရာဘာအရည်အသွေးမြင့် သန့်စင်မှိုင်းခံ ရာဘာပြား စက်ရုံ ၂၀ ကျော်ကို အခုနှစ်အတွင်း ထပ်မံတည်ဆောက်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ရာဘာလုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ချေးငွေရရှိဖို့ လိုလားနေပြီး မွန်ပြည်နယ်အစိုးရက ရာဘာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “အစည်းအဝေးနေ့တုန်းကတော့ ၁၉ ရုံလောက်ပဲ ပရိုပိုဆယ်ရတယ်၊ အခုက ထပ်တိုးလာတယ်။ ၂၀ ကျော်မှာပါ၊ သူတို့ လိုအပ်ချက်တွေထွက်လာရင် ၀န်ကြီးချုပ်က ပြည်ထောင်စုအစိုးရဆီ တင်ပြမယ်၊ ၀န်ကြီးချုပ်ကတော့ ချေးငွေရတာနဲ့ စက်ရုံတွေကို တပြိုင်တည်း အကောင်အထည်ဖော်ချင်နေတာပါ” လို့ မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောပါတယ်။ လက်ရှိမွန်ပြည်နယ်မှာ ရာဘာစက်ရုံပေါင်း ၇၀ ကျော်ရှိပေမယ့် ရာဘာတပေါင်ကို နိုင်ငံတကာနဲ့ ယှဉ်ရင် ၂၀၀ ကျပ်လျော့ကျနေတဲ့အတွက် နစ်နာမှုတွေရှိကြောင်း၊ အရည်အသွေးမြင့် စက်ရုံတည်ဆောက်ပြီးပါက တနေ့ကို ရာဘာ တန် ၃၀ လောက်ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဦးကြည်စိုးက ဆက်ပြောသည်။ ကျိုက်မရောမြို့နယ်၊ ရာဘာစိုက်ပျိုးထုတ်လုပ်အသင်း အတွင်းရေးမှူးဦးသက်ဦးက “မွန်ပြည်နယ်က ရာဘာတွေကို ဂျပန်နဲ့ စင်ကာပူတို့လို ပြည်ပ နိုင်ငံတွေ ၀ယ်ယူဖို့ ပြောထားတာတွေရှိတယ်၊ ကျနော်တို့ဆီမှာ အဓိက အခက်ခဲက ဘဏ်ချေးငွေတွေပါပဲ” လို့ ဆိုပါတယ်။ ယခင်နှစ်က ရာဘာပေါက်ဈေးမှာ တစ်ပေါင်လျှင် ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ အတွင်းသာရှိပြီး ရာဘာပေါက်ဈေးတွေ ဆက်တိုက်ကျဆင်းခဲ့တဲ့အတွက် ရာဘာအရည်အသွေးမြင့် စက်ရုံတွေ တည်ဆောက်နိုင်ဖို့ “မွန်ပြည်နယ်ရဲ့ ရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မှိုင်းခံရာဘာပြားစက်ရုံ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ” ကို စက်တင်ဘာ ၆ ရက်က မွန်ပြည်နယ်အစိုးရရုံး ဟင်္သာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာ ရာဘာဧက ၅ သိန်းကျော်ရှိပြီး တနှစ်ကို ရာဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်နေတယ်လို့ ရာဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။ အာကာမင်း
4 years Ago
More News
Up