မွန်အမျိုးသားပါတီ

February 15, 2017

အပစ်ရပ်ကြောင်း တပ်မတော်ကစတင်ကြေညာရန် မွန်အမျိုးသားပါတီတိုက်တွန်း

  လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်ဘက်က စတင်ကြေညာပြီး အာမခံချက်ပေးမှ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်း အကောင်အထည်ပေါ်မယ်လို့ မွန်အမျိုးသားပါတီက ပြောပါတယ်။ အပစ်ရပ်လက်မှတ်ထိုးဖို့ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီလည်းပါဝင်နေတဲ့အတွက် မွန်အမျိုးသားပါတီက အခုလို ပြောဆိုတာလည်းဖြစ်ပါတယ်။ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ နိုင်ငွေသိန်းက“တဖက်နဲ့တဖက်သံသယဖြစ်စရာမလိုအောင် အာမခံချက်ပေးပါ။ ဖက်ဒရယ်ကိုသွားမယ်။ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ်၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်။ သူတို့ဘက်က အာမခံချက်အပေါ်မူတည်ပြီး ဒါတွေကဖြစ်ကိုဖြစ်ရမယ်။ စစ်တပ်ဘက်က အပစ်ရပ်စဲတယ်ဆိုတာ အရင်ကြေညာပေးစေချင်ပါတယ်” လို့ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတာပါ။ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေကြားထဲမှာ အပစ်ရပ်လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲကိုသွားတဲ့ လမ်းကြောင်းနဲ့ အပစ်ရပ်လက်မှတ်မထိုးသေးဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ကိုသွားတဲ့ လမ်းကြောင်းဆိုပြီး အယူအဆနှစ်မျိုးကွဲပြားနေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အပစ်ရပ်ထား တဲ့အဖွဲ့တွေရော မပစ်မရပ်ရသေးတဲ့အဖွဲ့တွေရော အစုအဖွဲ့နှစ်ခုလုံးရဲ့ အယူအဆ တွေဟာ မှားယွင်းမှုမဟုတ် ဘူးလို့သုံးသပ်ပါတယ်။ “မွန်ပြည်သစ်ပါတီက သူ့တစ်ယောက်တည်းမဆုံးဖြတ်တာက သူ့နောက်က မိတ်ဖက်အဖွဲ့တွေနဲ့ ညီညွတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့သဘောထားအပေါ် အခြေခံ ပြီးတော့မှ ဆုံးဖြတ်ပုံ ရတယ်လို့ကျွန်တော်ယူဆတယ်။ ဒါကြောင့်သူတို့မှားတယ်လို့တော့ ယူဆလို့မရဘူး” မွန်ပြည်သစ်ပါတီအပါအဝင်လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေတဲ့အတွက် အပစ်ရပ်လက်မှတ်ထိုးဖို့ နှောင့်နှေးနေတာဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေကိုရပ်ဆိုင်းဖို့ နည်းလမ်းရှာနိုင်မှ အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကိုအကောင်အထည် ဖော်နိုင်မယ်လို့ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးကပြောပါတယ်။ “အမှန်တော့ လက်မှတ်ထိုးတဲ့လမ်းကြောင်းကတော့ နိုင်ငံရေးယဉ်ကျေးမှုအနေနဲ့ကတော့ အကောင်းဆုံးနည်း လမ်းပါပဲ။ ဒါပေမယ့် မျှတဖို့လိုမယ်။ တစ်ခုတော့ရှိတာပေါ့လေ။ ပြည်သူတွေက ငြိမ်းချမ်းရေးကိုလိုချင်နေတာက တော့အမှန်ပဲ။ လက်မှတ်ထိုးပါလို့လည်းတိုက်တွန်းလို့မရဘူး။ မထိုးပါနဲ့လို့လည်း တားလို့မရဘူး” အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ဟာ ၂၀၁၅ အောက်တိုဘာ ၁၅ ရက် က သမ္မတဦးသိန်းစိန်လက်ထက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးဖို့ကျန်နေတဲ့အ ဖွဲ့တွေကတော့KIO၊ KNPP ၊ NDAA ၊ NMSP ၊ NSCN-K ၊ SSPP – SSA ၊ TNLA ၊ UWSA တို့ ဖြစ်ပါတယ်။
5 years Ago

July 24, 2015

မွန်တိုင်းရင်းသားပါတီများ ကိုယ်စားလှယ် ၁၀၀ ကျော် ၀င်ပြိုင်မည်

၂၀၁၅ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲကို မွန်တိုင်းရင်းသားပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် အနည်းဆုံး ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မွန်တိုင်းရင်းသားပါတီ ၃ ပါတီကတော့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ အမျိုးသမီးပါတီ (မွန်) တွေပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ၁ ဦးနိုင်လှအောင်က ပြောပါတယ်။ “ပါတီကတော့ အမတ်လောင်းနေရာကိစ္စ ရွေးနေတုန်းပဲ။ အမတ်လောင်းရွေးချယ်ဖို့ လုပ်နေတုန်းပဲ။ လောလောဆယ် ၄၅ နေရာလောက် လျာထားတယ်။” ပါတီအနေနဲ့ မွန်ပြည်နယ်မှာ မော်လမြိုင်၊ ရေး၊ မုဒုံ၊ ကျိုက်မရောနဲ့ ချောင်းဆုံ စတဲ့ မြို့နယ် ၇ မြို့နယ်၊ ကရင်ပြည်နယ်မှာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီး စတဲ့ ၄ မြို့နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ မွန်လူမျိုးတွေ အများဆုံးရှိတဲ့ ရေဖြူနဲ့ ပုလောမြို့နယ် ၂ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်မှာ ၃ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်မှာ ၉ နေရာ စုစုပေါင်း ၁၆ နေရာ အနိုင်ရရှိခဲ့ပါတယ်။ အလားတူ မွန်ပြည်နယ်ထဲက နောက်ထပ် အင်အားကြီးပါတီတခုဖြစ်တဲ့ မွန်အမျိုးသား ပါတီကလည်း လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တခုလုံးအပြင် ရန်ကုန်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာပါ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။ မွန်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး ၁ ဦးနိုင်စိုးမြင့်က “ပါတီကိုယ်စားလှယ်တွေကတော့ လောလောဆယ် စိစစ်နေဆဲပဲ။ အကြမ်းအားဖြင့်ကတော့ နေရာ ၅၅ ကနေ ၆၀ ကြား ရှိပါတယ်။” လို့ ပြောပါတယ်။ မွန်အမျိုးသားပါတီဟာ မွန်ပြည်နယ်မှာရှိနေတဲ့ အဓိက ပါတီကြီးနှစ်ခုဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်ဟောင်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပါတီပါ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က မော်လမြိုင်မှာ နှစ်ဘက်ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ ပါတီနှစ်ခုပူးပေါင်းရေး ညှိနှိုင်းဆွေးနွေးကြပြီး နောက် မွန်အမျိုးသားပါတီကို  စတင်ထူထောင်ခဲ့ပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခေါင်းဆောင်တချို့ကတော့ ပါတီသစ်နဲ့ ပူးပေါင်းသွားပေမယ့် တချို့ကတော့ ပါတီမှာပဲ ဆက်လက်ရှိနေတာပါ။ ဇူလိုင် ၁၅ ရက်ကမှ မှတ်ပုံတင်ကျခဲ့တဲ့ အမျိုးသမီးပါတီ (မွန်) ကတော့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး ယှဉ်ပြိုင်မယ့်နေရာနဲ့ ကိုယ်စားလှယ်တွေ အသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲပဲလို့ အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ ဒေါ်သန်းရှင်က ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီကို ထူထောင်ခွင့်ရရှိဖို့ မွန်အမျိုးသမီးတွေ ဦးဆောင်ပြီး လျှောက်ထားခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင်က အမျိုးသမီးပါတီအမည်နဲ့ ထူထောင်ခွင့်မပြုတဲ့အတွက် အမျိုးသမီးပါတီ (မွန်) ဆိုပြီး အမည်ပြောင်း ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up