မွန်ဘိုင်း

August 6, 2015

အိန္ဒိယ တွင် ရထား ၂ စီးတိမ်းမှောက်၊ လူ ၂၄ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒိခ်ျ့ပြည်နယ်မှာ သြဂုတ် ၄ ရက်နေ့ ညသန်းခေါင်က ရထား ၂ စီး တနေရာတည်းမှာ လမ်းချော်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ခရီးသည် ၂၄ ဦး သေဆုံးသွားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေတိုက်စားခံထားရတာကို မသိဘဲ ရထား ၂ စီးလုံး တနေရာတည်းမှာ လမ်းချော်တိမ်းမှောက်ခဲ့ရတာပါ။ ဗာရာဏသီမြို့ကနေ မွန်ဘိုင်းမြို့ကိုလာတဲ့ အမြန်ရထားနဲ့ ဆန့်ကျင်ဘက်ကလာတဲ့ ဂျနာတာ အမြန်ရထားတို့ လမ်း ၂ လမ်းမှာ လမ်းချော်ခဲ့ကြတာပါ။ ရေတိုက်စားခံရတဲ့ တံတားတစင်းလည်း ကျိုးကျခဲ့ပြီး ပိတ်မိနေတဲ့ ခရီးသည်တွေကိုလည်း စက်ပစ္စည်းနဲ့ ဖြတ်ထုတ် ကယ်ထုတ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။ ရထားလမ်း ရေတိုက်စားခံရပြီး ရထားသွားလို့ မရနိုင်အောင် ပျက်စီးနေတာကို ကြိုတင်မသိရှိခဲ့တာ၊ ကြိုတင်အကြောင်းကြားတာ မရှိခဲ့တဲ့အပေါ်မှာ ခရီးသည်တွေက မေးခွန်းထုတ်နေကြပါတယ်။ ခရီးသည် ၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အယောက် ၃၀၀ ကို ကယ်ဆယ်ခဲ့တယ်လို့ ဆိုပြီး ရထား ၂ စီးလုံးမှာ ခရီးသည်ဘယ်နှဦး လိုက်လာပါတယ်ဆိုတာကိုတော့ မသိရပါဘူး။ သြဂုတ် ၅ ရက်နေ့မှာတော့ သေဆုံးသူတွေရဲ့ မိသားစုတွေဝင်ကို အိန္ဒိယအစိုးရက လျော်ကြေးပေးမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့တနှစ်တည်းမှာတင် အိန္ဒိယနိုင်ငံတ၀န်း ရထားမတော်တဆမှုတွေနဲ့ လူ ၂ သောင်းခွဲကျော် သေဆုံးခဲ့ပါတယ်။
6 years Ago
Up