မွန်ဘိုင်း

August 5, 2015

အိန္ဒိယ တွင် ၃ ထပ်တိုက်အိုတလုံး ပြိုကျ (ရုပ်သံ)

အိန္ဒိယနိုင်ငံအနောက်ပိုင်း မွန်ဘိုင်းမြို့မှာ သြဂုတ် ၄ ရက်နေ့က ၃ ထပ်တိုက်အိုတလုံး ပြိုကျပြီး လူအနည်းဆုံး ၁၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ အဆောက်အဦဟာ အနှစ် ၅၀ သက်တမ်း ရှိပြီဖြစ်ပြီး ပြိုကျနိုင်တဲ့ အခြေအနေရှိတာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စည်ပင်အာဏာပိုင်တွေက လူမနေဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ပြိုကျအဆောက်အဦအောက်မှာ ပိတ်မိသူတွေ ရှိနိုင်လို့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်နေကြပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မွန်ဘိုင်းမြို့မှာ လူနေအိမ်ပြိုကျမှုတွေကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တပတ်ကလည်း မွန်ဘိုင်းမြို့ ဆင်ခြေဖုံးတခုမှာပဲ ရေကြီးရေလျှံနေချိန် ၃ ထပ် အိမ်တလုံး ပြိုကျခဲ့လို့ လူ ၉ ဦ်း သေဆုံးခဲ့ပါသေးတယ်။ မွန်ဘိုင်းမြို့ဟာ အာရှမှာ နေစရိတ်အကြီးဆုံး မြို့တမြို့ဖြစ်ပြီး မြို့ခံအများအပြားဟာလည်း တိုက်အိုတိုက်ဟောင်းတွေမှာ နေထိုင်နေကြတာပါ။ မွန်ဘိုင်းမြို့လူဦးရေ ၁၈ သန်းမှာ ၆၀ ရာခိုင်နှုန်းဟာ နေစရိတ်ကြီးမြင့်လွန်းတဲ့အတွက် ကျူးကျော်ရပ်ကွက်တွေမှာပဲ နေထိုင်နေကြပါတယ်။ မွန်ဘိုင်းမြို့ထဲက အဆောက်အဦ ၁၄၀၀၀ ကျော်ဟာ အနှစ် ၇၀ ကျော်သက်တမ်းရှိတဲ့ တိုက်အိုတိုက်ဟောင်းတွေ ဖြစ်ကြပါတယ်။
6 years Ago
Up