မွတ်စလင်

May 17, 2019

သီရိလင်္ကာတွင် မွတ်စလင်များအပေါ် တိုက်ခိုက်မှု မြင့်တက်နေခြင်းအပေါ် ဆန္ဒပြ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့က လမ်းမတွေပေါ်မှာ မေလ ၁၆ ရက်နေ့က ဆန္ဒပြသူတွေ စုဝေးပြီး နိုင်ငံတွင်း မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဂျာနာသာ ဗီမူသီ ပီရာမူနာ နိုင်ငံရေးပါတီ ခေါင်းဆောင်တယောက်က ပြည်သူတွေကို အပြုသဘောဆောင်တဲ့ သတင်းစကားတွေ မျှဝေပေးဖို့ အစိုးရ တာဝန်ပျက်ကွက်မှုကို ပြစ်တင် ဝေဖန် ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဧပြီလက အီစတာ တနင်္ဂနွေနေ့မှာ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး အခုသီတင်းပတ်အတွင်း မွတ်စလင်တွေအပေါ် ရန်လိုတိုက်ခိုက်မှုတွေ တဖန်မြင့်တက်လာပါတယ်။ မေလ ၁၂ ရက်ေန့ကစပြီး မွတ်စလင် ဆန့်ကျင်ရေး မငြိမ်သက်မှုတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။ သီရိလင်္ကာ အနောက်မြောက်ဘက် မြို့တွေမှာ လူအုပ်တွေက ဗလီတွေကို ဝင်ရောက်ဖျက်ဆီးပြီး ကိုရန်ကျမ်းတွေကို မီးရှို့တာအပြင် ဈေးဆိုင်တွေကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအဓိကရုဏ်းတွေအတွင်း ပါဝင်တဲ့ သံသယရှိသူ ၇၈ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ အီစတာ တနင်္ဂနွေ တိုက်ခိုက်မှုလိုမျိုး အလားတူ နောက်ထပ် ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ သီရိလင်္ကာစစ်တပ် တပ်မှူး မာဟီရှ် ဆီနာနာယာကီက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။ အီစတာပွဲတော် ကျရောက်တဲ့ ဧပြီ ၂၁ ရက်နေ့က သီရိလင်္ကာနိုင်ငံတလွှား ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်ကြီးတွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲမှုတွေကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပါတယ်။
3 years Ago

May 1, 2019

ကုလအတွင်းရေးမှူးချုပ် တရုတ်ခရီးစဉ်အတွင်း ရှင်ကျန်းဒေသ မွတ်စလင်များအရေး အဓိက ဆွေးနွေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရှင်ကျန်းဒေသက မွတ်စလင်တွေရဲ့ အကျပ်အတည်းကို အဓိက ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ဧပြီ ၂၉ ရက်နေ့မှာ ပြောပါတယ်။ တရုတ်ဟာ နိုင်ငံအနောက်ဘက်ပိုင်းက မွတ်စလင်တွေကို လေ့ကျင့်ရေးစခန်းသွင်းပြီး ပညာပေးတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီစခန်းတွေမှာ ဝီဂါလူမျိုးစုတွေနဲ့ တခြားမွတ်စလင်တွေ အယောက် တသန်းကျော်ကို  ထိန်းသိမ်းထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဧပြီ ၂၆ ရက်ေန့က တရုတ်နိုင်ငံကို ရောက်လာတဲ့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဂူတာရက်စ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သီးခြားတွေ့ဆုံမှုမှာ ရှင်ကျန်းဒေသက မွတ်စလင်တွေအကြောင်း အဓိက ဆွေးနွေးခဲ့ပါတယ်။ ဝီဂါလူမျိုးစုတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေမှာ လူပျောက်မှုတွေ၊ အာဏာရှင်ဆန်ဆန် ဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ကုလက စစ်ဆေးနိုင်ရေး တရုတ်အစိုးရအနေနဲ့ ခွင့်ပြုသွားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကော်မရှင်နာမင်းကြီး မစ်ရှယ် ဘာချီလတ်က ထပ်တလဲလဲ ဖိအားပေးခဲ့ပါတယ်။
3 years Ago
More News
Up