မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်း (၁၁၁ လမ်း) နဲ့ ၁၁၁ A လမ်းကြားမှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက မြတောင် နဲ့ မန္တလာတက္ကသိုလ်ပူးပေါင်းစစ်ကြောင်း ဖြိုခွင်းခံရပြီး အနည်းဆုံး ၂ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
မြတောင် သပိတ်စစ်ကြောင်းနဲ့ မန္တလာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြဖို့ စုဝေးနေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ ကားနဲ့တွေ့ပြီး ဖြိုခွင်းခံရတာဖြစ်ပါတယ်။
သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက “စုရပ်မှာ လူဖြန့်နေတဲ့အချိန် ပတ်နေတဲ့ သူတို့ကားနဲ့တွေ့တာ။ သတင်းကြိုရပြီး လူစုခွဲခဲ့တယ်။ တချို့က သူတို့လာနေတဲ့ လမ်းဘက်ကို သွားလိုက်တော့ မိသွားတာ။ အခုတော့ အမျိုးသမီး ၂ ယောက်ဖမ်းမိတာပဲ သိသေးတယ်” လို့ ပြောပါတယ်။
သပိတ်ဖြိုခွင်းရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
မြတောင် သပိတ်စစ်ကြောင်း နဲ့ မန္တလာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နေ့စဉ်ချီတက်ဆန္ဒပြနေတဲ့ မန္တလေးမြို့က စစ်ကြောင်းတွေ ဖြစ်ပါတယ်။
မန္တလေးမြို့ ၃၅ လမ်း မြတောင်းတိုက်ရှေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး တောင်းဆိုဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လာရောက် ဖြိုခွင်းဖို့ လုပ်ခဲ့ပါတယ်။
လာရောက်မဖြိုခွင်းခင်ကတည်းက ဆရာတော် သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ လူစုခွဲပြီးဖြစ်တဲ့အတွက် ဖမ်းဆီးခံရသူမရှိခဲ့ပါဘူး။
ဒီလို ဖမ်းဆီးခံရသူမရှိခဲ့ပေမယ့် မြတောင်ကျောင်းတိုက်နေ ဘုန်းကြီးကျောင်းသား တစ်ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လေးခွနဲ့ ထုတာကြောင့် နဖူးကွဲသွားခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆုပ်ခွါသွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ သူတွေကို လေးခွနဲ့ ထုတာကို တွေ့ရှိရပါတယ်။
မန္တလေး မဟာအောင်မြေမြို့နယ် ၃၈ လမ်း ၈၆ လမ်း ငွေတောင်တိုက်မကြီးမှာ ဒီနေ့မနက်က စုရပ်လုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ မြတောင်ငြိမ်းချမ်းရေး စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ ဖြိုခွင်းခဲ့တာကြောင့် လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။
မန္တလေးသဘင်ပညာရှင်တွေ၊ မြန်မာ့မီးရထားဝန်ထမ်းပေါင်းစုံနဲ့ မဟာအောင်မြေကျောက်မျက်ရတနာ အချောထည်အကြမ်းထည်၊ ပန်ပုလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဝန်းရံပြည်သူတွေ ထောင်ချီကာ စစ်အာဏာရှင် ဆန်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
မြတောင်ငြိမ်းချမ်းရေးစစ်ကြောင်းဟာ ချမ်းအေးသာစံမြို့နယ် ၈၈ လမ်း ၃၃ လမ်းမှာ စစ်ကားတွေ၊ ရဲကားတွေ၊ အင်အားအလုံးအရင်းနဲ့ ပတ်ပတ်လည်ဝိုင်းပြီး ပိတ်ဆို့ထားတဲ့အတွက် သပိတ်မှောက်ပြည်သူတွေ လူစုခွဲခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး၊ စစ်အာဏာရှင်အလိုမရှိ၊ အမေစုနဲ့သမ္မတကြီး လွှတ်ပေးရေး၊ ဖမ်းဆီးထားသူအားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး အရေးတော်ပုံအောင်ရမည် စတဲ့ကြွေးကျော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။